ပြည်နယ်တိုင်း ၅ ခုတွင် ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေ

April 5, 2017

ပြည်နယ်တိုင်း ၅ ခုတွင် လေပြင်းတိုက် မိုးသီးကြွေ၊ လူဦးရေ ၁၂၀၀ ကျော် ဘေးဒုက္ခရောက်

ရှမ်း၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေး စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ အခုလဆန်းပိုင်း တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် လူဦးရေ ၁၂၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့ပြီး အိမ်ခြေ အလုံး ၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း ဧပြီ ၂ ရက်နဲ့ ၃ ရက်တို့မှာ တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် အိမ်အလုံး ၁၄၀ လောက် ပျက်စီး၊ လူဦးရေ ၆၉၀ လောက် ဘေးဒုက္ခရောက်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။ လေပြင်းဒဏ်နဲ့ မိုးသီးကြွေကျတဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေက ရှမ်းပြည်နယ်မှာ နမ့်ခမ်း၊ သိန္နီ၊ မိုင်းဆတ်၊ ချင်းပြည်နယ်မှာ တွန်းဇံ၊ ကချင်မှာ ရွှေကူ၊ စစ်ကိုင်းတိုင်းမှာ ကျွန်းလှ၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ ၀န်းသို၊ မန္တလေးတိုင်းက တန့်ဆည်မြို့နယ်တို့ဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ကူညီထောက်ပံ့ပေးနေတယ်လို့ အဲဒီဌာနရဲ့ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြည်နယ်တိုင်း ၇ ခုမှာ အချိန်အခါမဟုတ် မိုးရွာ၊ လေပြင်းတိုက်ပြီး မိုးသီးကြွေမယ်လို့ မိုးလေ၀သဌာနက မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အနောက်ဘက်က ရွေ့လျားလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်က ရွေ့လျားလာတဲ့ လေနွေးတို့ စုဆုံမှုကြောင့် လေထု အခြေမခိုင်မှုဖြစ်ပြီး အဲ့ဒီရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago

June 27, 2015

ပြည်နယ်တိုင်း ၅ ခုတွင် ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေ

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်နဲ့ တနင်္သာရီ စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ ရေကြီး ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီကနေ့ မနက် ၆း၃၀ နာရီ အချိန် တိုင်းထွာချက်များအရ တပြည်လုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မှတ်သားဖွယ်ရာ မိုးရေချိန်များအဖြစ် ဖော်ပြထားရာမှာလည်း အမ်းမြို့မှာ ၁၃.၂၃ လက်မ၊ သံတွဲမြို့ ၉.၅၃ လက်မ၊ စစ်တွေမြို့မှာ ၇.၄၄ လက်မ၊ ကျောက်ဖြူမြို့မှာ ၇.၂၈ လက်မ၊ ဂွမြို့မှာ ၆.၈၅ လက်မ၊ မော်လမြိုင်မြို့မှာ ၄.၄၅ လက်မ၊ ဘားအံမြို့မှာ ၄.၂၁ လက်မ၊ ကျောက်တော်မြို့မှာ ၄.၁၃ လက်မ၊ ထားဝယ်မြို့မှာ ၃.၇၈ လက်မ၊ ပြည်မြို့မှာ ၃.၅၀ လက်မနဲ့ ရေးမြို့မှာ ၃.၃၅ လက်မတို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမိုးလေ၀သဌာနဟာ မုတ်သုံလေအား အင်မတန်ကောင်းနေလို့ ပြည်နယ်တိုင်းတချို့မှာ ဒေသအလိုက်မိုးကြီးပြီး ရေကြီးနိုင်တယ်လို့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အသိပေးကြေညာထားပါတယ်။
6 years Ago
Up