ပြည်တွင်းထုတ်

September 29, 2018

ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် ၂ သန်း အောက်တိုဘာတွင် ရောင်းချပေးမည်

စက်သုံးဆီဈေးနှုန်းကို လျော့ကျစေဖို့အတွက် ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် ၂ သန်းကို အောက်တိုဘာလမှာ ရောင်းချပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရဲ့ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) က ထွက်တဲ့ ဓာတ်ဆီတွေကို တဂါလန် ၃၈ဝဝ ကျပ်နှုန်းနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက တဆင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရေနံဓာတုဗေဒလုပ်ငန်းဟာ စက်သုံးဆီအသင်းကတဆင့် အရောင်းဆိုင်တွေကို ၂ဝ၁၈၊ ဧပြီကစပြီး တကြိမ်မှာ ဂါလန် ၃ သန်းနဲ့ ၄ ကြိမ်ရောင်းချပေးခဲ့ပြီလို့ ဆိုပါတယ်။ ဒီလို ရောင်းချပေးလို့ ဈေးကွက်ထဲမှာပြည်တွင်းသုံးဓာတ်ဆီဈေးနှုန်းကို အထိုက်အလျောက် လျော့ကျ စေခဲ့တယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ လတွေကစလို့ ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ တရိပ်ရိပ်တက်နေခဲ့ပြီး လွန်ခဲ့တဲ့ ၃ ရက်ကပဲ တလီတာကို ၁ဝ ကျပ်စီ ထပ်တက်လာပါသေးတယ်။ ဒါကြောင့် လက်ရှိမှာ ဒီဇယ်တလီတာကို ရန်ကုန်မှာ ၁ဝ၆၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ မုံရွာမှာ ၁၁၁၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တဂါလန်ကို ရန်ကုန်မှာ ၁ဝ၇၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၂၅ ကျပ်၊ မုံရွာမှာ ၁၁၃ဝ ကျပ်၊ ၉၂ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၃၅ ကျပ်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ၁၁၁ဝ ကျပ်၊ မုံရွာမှာ ၁၁၁၅ ကျပ်၊ ၉၅ အောက်တိန်း တလီတာကို ရန်ကုန်မှာ ၁ဝ၈၅ ကျပ်၊ မန္တလေးမှာ ၁၁၆ဝ ကျပ်၊ မုံရွာမှာ ၁၁၆၅ ကျပ် ဖြစ်ပါတယ်။
3 years Ago

January 1, 2018

ပြည်တွင်းထုတ် နို့မှုန့်များကို တရုတ်အစိုးရ စည်းကမ်းကြပ်မတ်မည်

တရုတ်အစိုးရက ပြည်တွင်းထုတ် မွေးကင်းစကလေး နို့မှုန့်ကဏ္ဍကို ဇန်နဝါရီ တရက်နေ့ စတင်ပြီး အတင်းကြပ်ဆုံး စည်းကမ်း ကြပ်မတ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သစ်ကူး ကာလမှာတင် အကြီးစား အပြောင်းအလဲတွေ လုပ်နေပါတယ်။ မွေးကင်းစ ကလေးနို့မှုန့် ထုတ်လုပ်သူတွေဟာ သူတို့နို့မှုန့်တွေအတွက် တရုတ်အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်သက်သေခံလက်မှတ် ရယူရမှာဖြစ်ပြီး မရှိခဲ့ရင် တရုတ်ဈေးကွက်မှာ ရောင်းချဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ စက်ရုံတရုံဟာ ကုန်အမှတ်တံဆိပ် ၃ ခုအောက်မှာ အများဆုံးအနေနဲ့ ကုန်စည် ၉ မျိုး ထုတ်လုပ်နိုင်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က ရတဲ့ သတင်းအချက်အလက်တွေအရ တရုတ် အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာနက မွေးကင်းစနို့မှုန့် တံဆိပ် ၈၆၇ မျိုးကို အတည်ပြုပေးခဲ့ပါတယ်။ ပြည်တွင်းစက်ရုံ ၈၅ ရုံက တံဆိပ် ၆၈၂ ခုနဲ့ နိုင်ငံခြားစက်ရုံ ၃၃ ရုံက တံဆိပ် ၁၈၅ ခုပါ။ နိုင်ငံတွင်းမှာ စုစုပေါင်း နို့မှုန့် တံဆိပ် ၂ ထောင်နီးပါး ရောင်းချနေတယ်လို့ ခန့်မှန်းထားပြီး ၆၅ ရာခိုင်နှုန်းက ဈေးကွက်ထဲကနေ ထွက်သွားရဖို့ ရှိနေတာပါ။ ဇန်နဝါရီ ၁ ရက်နေ့မတိုင်ခင် ထုတ်လုပ်ထားပြီး မှတ်ပုံတင်နံပါတ် မရသေးတဲ့ နို့မှုန့်တွေဟာ သက်တမ်းကုန်ဆုံး ရက်စွဲမကျော်ခင်ထိ ဈေးကွက်ထဲမှာ ဆက်ရောင်းနိုင်တယ်လို့ စည်းမျဉ်းက သတ်မှတ်ထားပါတယ်။ ဒါကြောင့် နို့မှုန့်ထုတ်လုပ်သူ အတော်များများက ဒီနှစ် သြဂုတ်လကတည်းက ၅၀ ရာခိုင်နှုန်းထိ ဈေးချရောင်းနေတာပါ။ တချို့ စက်ရုံတွေကတော့ ခွင့်ပြုချက် ကျန်ချိန်မှာ ဖြစ်နိုင်သမျှ အများဆုံး ကုန်စည်တွေကို ထုတ်လုပ်ဖို့ အစွမ်းကုန် လုပ်ငန်း လည်ပတ်နေကြပါတယ်။
4 years Ago
Up