ပြည်ခိုင်ဖြိုး

October 13, 2018

ရွေးကောက်ပွဲတွင် ထိုက်တန်သည့် အောင်မြင့်မှု ရမည်ဟု ပြည်ခိုင်ဖြိုး ပြော

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုရလိမ့်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် တွဲဖက်ကော်မတီအတွင်းရေးမှူး ဒေါက်တာ နန္ဒာလှမြင့်က အောက်တိုဘာ ၁၂ ရက်နေ့က ကလေးမြို့ ဒေသခံအချို့နဲ့တွေ့ဆုံပွဲအပြီးမှာ ကလေးမြို့ခံ မီဒီယာသမားတွေကို ပြောကြားလိုက်ပါတယ်။ "အဓိက ကျနော်တို့ အောင်နိုင်ခြင်း မအောင်နိုင်ခြင်းအပေါ်မှာ ပြည်သူလူထုရဲ့ မဲပေးရွေးချယ်မှုအပေါ်မှာ မူတည်နေပါတယ်။ ယုံကြည်လာအောင် ကျနော်တို့ အလုပ်နဲ့ သက်သေပြမယ်။ ပြည်သူတွေ ယုံကြည်လို့ မဲပေးလိုက်ပြီဆိုရင်လည်း ပြည်သူတွေ နောင်တ မရအောင် တာဝန်ယူပြီးမှ ဥက္ကဋ္ဌကြီး ကိုယ်တိုင် အာမခံပြီးတော့မှ ပြည်သူလူထုကိုလည်း လိုက်လံတွေ့ဆုံ ကတိပေးနေတယ်။ မိဘပြည်သူတွေ လိုလားတဲ့ ဒေသခံ တိုင်းရင်းသားတွေကိုပဲ ရွေးချယ်ပြီးမှ သူ့မြို့နယ်အတွက် အကောင်းဆုံး အလုပ်အကျွေး ပြုနိုင်ပြီးမှ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုပဲ ရွေးချယ်မယ်။ ဒါကြောင့် ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲမှာရော ၂ဝ၂ဝ ရွေးကောက်ပွဲမှာပါ ထိုက်တန်တဲ့ အောင်မြင်မှု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်" ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် မဲဆန္ဒနယ် ၁၃ နယ် အနက်က ၁ဝ နေရာကို ဝင်ရောက် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအပေါ် ကလေးမြို့ မြို့မဈေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က "ကျနော်ကတော့ ပါတီဝင်မဟုတ်ပါဘူး။ ဒါပေမယ့် ပြောရရင် ကလေးမြို့ပေါ်မှာ ပြည်ခိုင်ဖြိုးပါတီဟာ လူမှုရေးနည်းတယ်။ ကလေးနယ်မှာ ဘာညာကန့်ကွက်မှုတွေဆို လုပ်နေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြည်ခိုင်ဖြိုး ပါတီကို မတွေ့ရဘူး" လို့ ပြောပါတယ်။ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့အဖွဲ့ဟာ နေရာတော်တော်များများမှာ ပါတီဝင်တွေ၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။ မင်းရဲစစ်နိုင်
3 years Ago

September 22, 2018

ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော

ဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို အတိုင်းအတာတခုထိ ၀င်ထိန်းဖို့အတွက် ရည်ရွယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရတာလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ အမှတ်​ ၁၈ ရပ်​ကွက်​ လူထု ဟစ်​တိုင်​ကွင်းမှာ ကျင်းပတဲ့ လူထု​တွေ့ဆုံပွဲမှာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့် ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ ဦးသန်း​ဌေးက ပြောကြားလိုက်တာပါ။ “ဒီ​နေ့ လွှတ်​​တော်​တခုလုံး အမတ်​ ၆၀၀ ​လောက်​ရှိတဲ့အထဲမှာ ၁၀ ​နေရာ​လောက်​ ဘာ​ကြောင့်ဝင်​ပြိုင်​ရသလဲဆိုရင်​ ဟန်​ချက်​ပျက်​​နေတဲ့ လွှတ်​​တော်​ကို အတိုင်းအတာတခုအထိ ဝင်​ထိန်းသွားခြင်​တာရယ်​၊ ကျ​နော်​တို့ပါတီက အမျိုးချစ်​တယ်​၊ အမျိုးအ​ပေါ်မှာ သစ္စာရှိတယ်​၊ အဲ့ဒီအတွက်​ တကမ္ဘာလုံးနဲ့ တန်းတူရည်​တူဆက်​ဆံတယ်​။ မြန်​မာတို့ရဲ့ဇာတိ​သွေး၊ ဇာတိမာန်​၊ ဇာတိဂုဏ်၊​ အမျိုးဂုဏ်​ကို ပြည်​ခိုင်​ဖြိုးပါတီတာဝန်​ယူတဲ့အခါမှာ မညှိုးနွမ်း​စေရဘူး၊ ကျ​နော်​တို့ပါတီကိုသာ မဲ​ပေးပြီး တာဝန်​ပြန်​​ပေးပါ၊ တာဝန်​ပြန်​​ပေးတဲ့အချိန်​ကစပြီး ဂုဏ်​သိက္ခာရှိတဲ့ မြန်​မာနိုင်​ငံသား​တွေအဖြစ်​ ပြန်​လည်​ရပ်​တည်​နိုင်​စေရမယ်။” ကြားဖြတ်ရွေးကောက်ပွဲမှာ မြင်းခြံမြို့နယ်​ကနေ ၀င်ပြိုင်မယ့် ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​​လောင်း ​ဒေါက်​တာသန်းဝင်းက "ခုလို လူထုနဲ့တွေ့ဆုံရတာဟာ ပြည်​သူ​တွေ မဲ​ပေးရမှာ သိ​အောင်​လို့ပါ၊ ​ကျနော်​​တို့ပါတီရဲ့ လုပ်​​ဆောင်​ချက်​ စွမ်း​ဆောင်​ချက်​​တွေက ဘာနဲ့မှ နှိုင်းယှဉ်​လို့မရပါဘူး။ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ၁၀၀ ရာခိုင်​နှုန်းအထိ ​မျှော်​လင့်ထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ လူထုတွေ့ဆုံပွဲ အခမ်းအနားကို လူဦးရေ ၁၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ မြင်းခြံမြို့နယ်​မှာ​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၁၃၅၉ ဦးရှိပြီး မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်​ပါတယ်​။ နိုင်ငံတ၀န်း ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက လစ်လပ်မဲဆန္ဒနေရာ ၁၃ နေရာအနက် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up