ရာထူးဖြုတ်ချခံ အီဂျစ်သမ္မတဟောင်း မိုဟာမဒ် မာစီနဲ့ လူ ၁၉ ယောက်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ရာဇဝတ်မှု ခုံရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
တရားရေးဌာနကို စော်ကားမှု စွဲချက်နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်းကျော်နဲ့ ညီမျှတဲ့ အီဂျစ်ပေါင် ၂ သန်းလည်း ဒဏ်ငွေတပ်ခဲ့ပါတယ်။
အီဂျစ်တက်ကြွလှုပ်ရှားသူ ခေါင်းဆောင် အလာ အဘ်ဒယ် ဖှာတာ၊ လွှတ်တော်အမတ်နဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ တော်ဖှခ် အိုကာရှာတို့ အပါအဝင် တခြားသူတွေလည်း ဒီအမှုနဲ့ပဲ တရားရုံးမှာ ရင်ဆိုင်နေရတာပါ။ သူတို့လည်း ဒဏ်ငွေ စီရင်ခံရပြီး အယူခံ ဝင်နိုင်ပါတယ်။
အီဂျစ်နိုင်ငံမှာ ၂၀၁၁ တော်လှန်ရေးအပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတ ဖြစ်လာတဲ့ မာစီဟာ ၂၀၁၃ နှစ်လယ်မှာ ရာထူးချ ခံရတာပါ။
လူထုဆန္ဒပြပွဲတွေကို ရင်ဆိုင်ရအပြီး အဲဒီအချိန်က ဗိုလ်ချုပ် ဖြစ်ပြီး လက်ရှိ သမ္မတ ဖြစ်တဲ့ အဘ်ဒယ် ဖှာတာ အယ်လ်စီစီက သူ့ကို ရာထူးချခဲ့ပါတယ်။
အဲဒီနောက် မာစီဟာ ၂၀၁၂ ဆန္ဒပြပွဲမှာ သတ်ဖြတ်မှုတွေအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပါတယ်။ ကာတာ နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုအတွက် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် စီရင်တာလည်း ခံခဲ့ရပါတယ်။
5 years Ago