ပြစ်ဒဏ်ချမည့်နေ့ တရားရုံးမလာသည့် ယင်လပ်ကို ဖမ်းဝရမ်းထုတ်မည်

August 25, 2017

ပြစ်ဒဏ်ချမည့်နေ့ တရားရုံးမလာသည့် ယင်လပ်ကို ဖမ်းဝရမ်းထုတ်မည်

ထိုင်းနိုင်ငံမှာ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာဟာ အမိန့်ချမှတ်မယ့်နေ့မှာ တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်သွားမယ်လို့ ဗဟိုတရားရုံးက ပြောပါတယ်။ “သူ့ရှေ့နေက ယင်လပ် ဖျားနေလို့ တရားရုံးကို မလာနိုင်တဲ့အတွက် အမိန့်ချမှတ်မယ့်နေ့ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာကို တရားရုံးအနေနဲ့ မယုံကြည်နိုင်ပါဘူး” လို့ တရားသူကြီး ချိ(ပ်)ချူလာမွန်က ပြောလိုက်တာပါ။ လက်ရှိမှာတော့ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ခွင့်ပြုချက် တောင်းခံသွားမှာဖြစ်ပြီး အမိန့်ချမှတ်မယ့်နေ့ကိုတော့ လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေတွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော်ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယင်လပ်ကို အာဏာအလွဲသုံးမှုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး သီတင်းတပတ်အတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ကာ လက်ကျန်အစိုးရအဖွဲ့ကိုလည်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ယင်လပ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူ့ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ ချေပပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဝေဖန်သူတွေကတော့ စပါးဝယ်ယူရေး အစီအစဉ်ဟာ လယ်သမားတွေဆီက ထောက်ခံမှုရအောင် လူပြိန်းကြိုက်လုပ်ခဲ့တဲ့ မူဝါဒအဖြစ် ရှုမြင်ကြပြီး ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် နိုင်ငံဘဏ္ဍာငွေ ဒေါ်လာ ၁၆ ဒသမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ယင်လပ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ အမှုအတွက် ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာနဲ့ချီတဲ့ သူ့ကိုထောက်ခံသူတွေကတော့ အမိန့်ချမှတ်မယ့် ဒီကနေ့မှာလည်း ဘန်ကောက်တရားရုံးရဲ့ ပြင်ပမှာ စောင့်ဆိုင်းနေကြပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့ကြပါတယ်။
4 years Ago
Up