ပြင်းအား ၇.၅ အဆင့်ရှိ

February 23, 2019

ပီရူး-အီကွေဒေါနယ်စပ်တွင် ပြင်းအား ၇.၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်စောပိုင်းက ပီရူး-အီကွေဒေါ နယ်စပ်မှာ ပြင်းအား ၇.၅ မဂ္ဂနီကျူ့အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ USGS က ပြောပါတယ်။ အီကွေဒေါနိုင်ငံ အမ်ဘာတိုမြို့ကနေ ၂၂၄ ကီလိုမီတာအကွာ လူဦးရေ ကျဲပါးတဲ့ဒေသကို ဗဟိုပြုပြီး မြေအောက်အနက် ၁၃၂ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။ USGS ရဲ့ ကနဦး တွက်ချက်မှုအရ မြေငလျင် ပြင်းအား ၇.၇  မဂ္ဂနီကျူ့ ရှိတယ်လို့ သိရပါတယ်။ မြေငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခြင်း မရှိဘူးလို့ ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ပြောကြားပြီး လူအသေအပျောက်နဲ့ အပျက်အစီးသတင်းကို မသိရသေးပါဘူး။ မြေငလျင်ဗဟိုချက်ကနေ ၂၅၃ ကီလိုမီတာအကွာမှာ နေထိုင်တဲ့ အီကွေဒေါ ဒေသခံ တဦးက မြေငလျင်ဟာ အားအလွန်ပြင်းတယ်လို့ ပြောခဲ့ပါတယ်။ ဒေသခံ နောက်တဦးကတော့ ဒုတိယ မြေငလျင်ဟာ စက္ကန့် ၃၀ လောက်ကြာတယ်လို့ ဥရောပ-မြေထဲ ပင်လယ်ဒေသ မြေငလျင်သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
2 years Ago
Up