ပြင်သစ်နိုင်ငံသား

May 22, 2019

အင်ဒိုနီးရှားတွင် မူးယစ်မှောင်ခိုမှုဖြင့် စွဲချက်တင်ထားသည့် ပြင်သစ်နိုင်ငံသားကို သေဒဏ်ချ

အင်ဒိုနီးရှား တရားရုံးတရုံးက မူးယစ်မှောင်ခိုမှုနဲ့ စွဲချက်တင်ထားတဲ့ ပြင်သစ်နိုင်ငံသား တယောက်ကို မေလ ၂၀ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီပြင်သစ်နိုင်ငံသားကို ထောင်ဒဏ်အနှစ် ၂၀ ချဖို့ အစိုးရရှေ့နေတွေက ကနဦး အဆိုပြုခဲ့ပေမယ့် တရားရုံးက သေဒဏ်ချခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ဖီလိ ဒေါ်ဖန်ဟာ ၂ ကီလိုဂရမ်ကျော် အလေးချိန်ရှိတဲ့  မူးယစ်ဆေးဝါးတွေကို ပြင်သစ်နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းကို မှောင်ခိုသယ်ဆောင်လာတဲ့ ပြစ်မှုနဲ့ ၂၀၁၈ စက်တင်ဘာလက အဖမ်းခံခဲ့ရတာပါ။ ဖီလိ ဒေါ်ဖန်ဟာ ဆေးခြောက်နဲ့ စိတ်ကြွဆေးဝါးတွေ အပါအဝင် မူးယစ်ဆေးဝါးတွေကို ခရီးဆောင်အိတ်တခုထဲမှာ ထည့်လာတာ တွေ့ရပေမယ့် ဆေးစစ်ကြည့်လိုက်တဲ့အခါ မူးယစ်ဆေး သုံးထားတာ မတွေ့ရပါဘူး။ အဲဒါကြောင့် သူဟာ ရောင်းဝယ်ဖောက်ကားဖို့သက်သက် ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ယူဆပါတယ်။ သေဒဏ်အမိန့်အတွက် အသနားခံစာ တင်သွားမယ်လို့ ဖီလိ ဒေါ်ဖန်ရဲ့ ရှေ့နေက ပြောပါတယ်။ အင်ဒိုနီးရှားနဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေဟာ မူးယစ်ဆန့်ကျင်ရေး ဥပဒေတွေ ချမှတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက မူးယစ်မှောင်ခိုကူးမှုနဲ့ သြစတြေးလျနိုင်ငံသား နှစ်ယောက် အပါအဝင် ပြည်ပနိုင်ငံသားတချို့ကို သေဒဏ်စီရင်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ခံခဲ့ရပါတယ်။
2 years Ago

March 12, 2019

ဂျူးပြတိုက်အတွင်း လူ ၄ ဦး ပစ်သတ်မှုဖြင့် ပြင်သစ်နိုင်ငံသားအား ထောင်ဒဏ်တသက် ချမှတ်

၂၀၁၄ ခုနှစ်က ဂျူးပြတိုက်အတွင်း လူလေးဦးကို ပစ်သတ်မှုနဲ့ ပြင်သစ်နိုင်ငံသား မဲဂျီနေမို့ရှ်ကို ဘယ်လ်ဂျီယံတရားရုံးက မတ်လ ၁၂ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ခုံသမာဓိ တရားသူကြီးအဖွဲ့က ၈ နာရီကြာ ဆွေးနွေးစဉ်းစားပြီးနောက် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ နောက် ပြင်သစ်နိုင်ငံသားတဦးဖြစ်တဲ့ နက်ဆာဘဟန်ဒါကိုတော့ ကြံရာပါမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ သူကတော့ ပစ်ခတ်ရာမှာသုံးတဲ့ သေနတ်ကို ထောက်ပံ့ခဲ့လို့ ပြစ်ဒဏ် ချမှတ်ခံရတာပါ။ အဲဒီလို ပစ်ခတ်တာကြောင့် အစ္စရေး ကမ္ဘာလှည့်ခရီးသွား နှစ်ဦးနဲ့ ပြတိုက်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆီးရီးယားက ပြန်လာတဲ့ အနောက်ဥရောပသား တဦးရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ မိခင်နိုင်ငံပြန်လာတဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေပါတယ်။
3 years Ago
Up