မော်ရိသျှ (Mauritius) ကျွန်းနိုင်ငံကနေ ပြင်သစ်နိုင်ငံကို ပျံသန်းလာတဲ့ ပြင်သစ်လေကြောင်းလိုင်းပေါ်မှာ မသင်္ကာစရာ အထုပ်တထုပ် တွေ့ရှိလို့ ဒီဇင်ဘာ ၂၀ ရက်နေ့က ကင်ညာနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ပြင်သစ်လေကြောင်းလိုင်း ဘိုးရင်း ၇၇၇ လေယာဉ်အိမ်သာထဲမှာ ဗုံးလို့ယူဆရတဲ့ သံသယဖြစ်စရာ အထုပ်တထုပ်ကို တွေ့ရှိခဲ့ပြီး လေယာဉ်မှူးတွေက အနီးဆုံးလေဆိပ်ဖြစ်တဲ့ ကင်ညာနိုင်ငံ၊ မွန်ဘာဆာမြို့တော် မွိုင် (Moi) နိုင်ငံတကာလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခွင့် တောင်းခဲ့ရတာပါ။
လေယာဉ်နဲ့ လိုက်လာသူအားလုံးကိုရော လေဆိပ်ကိုပါ အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီးနောက်ပိုင်း လေဆိပ်ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။
ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်သူတွေက မသင်္ကာစရာအထုပ်ကို စစ်ဆေးကြည့်ခဲ့ကြတာမှာ စက္ကူထုပ်နဲ့ စံချိန်မှတ်နာရီတလုံးသာ ဖြစ်တယ်လို့ ပြင်သစ်လေကြောင်းလိုင်း စီအီးအိုက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို ပြင်သစ်အာဏာပိုင်တွေနဲ့ မော်ရိသျှအာဏာပိုင်တွေပါ ကူညီလုပ်ဆောင်ခဲ့တယ်လို့ မော်ရိသျှပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၄၅၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါခဲ့ကြပြီး မော်ရိရှနိုင်ငံကနေ ပြင်သစ်နိုင်ငံ မြို့တော် ပါရီက ချားလ်ဒီဂေါ် (Charles de Gaulle) နိုင်ငံတကာလေဆိပ်ကို တိုက်ရိုက်ပျံသန်းတဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။
7 years Ago