ပြင်သစ်ရွေးကောက်ပွဲတွင် အလယ်အလတ်လမ်းစဉ်သမား

May 8, 2017

ပြင်သစ်ရွေးကောက်ပွဲတွင် အလယ်အလတ်လမ်းစဉ်သမား  မာခွန်း အနိုင်ရ

မေလ ၇ ရက် တနင်္ဂနွေနေ့က လုပ်တဲ့ ပြင်သစ်ရွေးကောက်ပွဲမှာ အလယ်အလတ် လမ်းစဉ်သမား အီမန် နျူဝယ်လ် မာခွန်း အနိုင်ရရှိခဲ့ပါတယ်။ လွတ်လပ်တဲ့ အလယ်အလတ် လမ်းစဉ်သမား မာခွန်းဟာ တနိုင်ငံလုံး မဲပေးသူ ၉၉.၉၉ ရာခိုင်နှုန်း ရှိတဲ့အနက် ၆၆ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံမှာ စုစုပေါင်း လူဦးရေ ၄၇ သန်းရှိတဲ့အထဲက မဲပေးဖို့ သန်း ၄၀ ကျော် မှတ်ပုံတင်ခဲ့ပြီး အဲဒီမှတ်ပုံတင်ထားသူအားလုံးနီးပါး မေလ ၇ ရက်နေ့က လာရောက်မဲပေးခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံကို အောက်ခြေကနေ လှိုက်စားနေတဲ့ ကွဲပြားခြားနားမှု ခွဲခြားမှုတွေကို တိုက်ဖျက် သွားမယ်လို့ အနိုင်ရသမ္မတ မာခွန်းက သူ့ရဲ့အောင်နိုင်ရေးမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိ အီမန်နျူဝယ်လ် မာခွန်းဟာ ပြင်သစ်နိုင်ငံက နာမည်ကြီး တက္ကသိုလ်တခုမှာ ယုတ္တိဗေဒဘာသာရပ်ကို ဆည်းပူးခဲ့ပြီး လူထုဆက်ဆံရေးဘာသာနဲ့ မဟာဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက် အကြီးတန်းလူမှုဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ ချမ်းသာတဲ့ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်။ လက်ရှိ ပြင်သစ်သမ္မတ ဖရန်ဆွာ-အောလန်ဒီလက်ထက်မှာ စီးပွားရေးစက်မှုနဲ့ ဒီဂျစ်တယ်ရေးရာ ဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့ပြီး ၂၀၁၆ ဧပြီလ ၆ ရက်နေ့မှာမှ ပြင်သစ်ဘာသာစကားနဲ့ En Marche လို့ခေါ်တဲ့ social-liberal ပါတီကိုထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာပါ။ သူဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်မှာဖြစ်ပါတယ်။
4 years Ago
Up