ပြင်သစ်နိုင်ငံအမျိုးသားနေ့ (Bastille Day) အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ဇူလိုင် ၁၄ ရက်နေ့က ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်း ဦးဆောင်ကျင်းပခဲ့ပြီး တခြား ဥရောပခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ဟာ တီထွင်ဆန်းသစ်ထားတဲ့ စစ်ရေးနည်းပညာ အသစ်တွေကို ထုတ်ဖော်ပြသတဲ့ပွဲလည်း ဖြစ်တာကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ အခမ်းအနားတခု ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားမှာ မြေပြင်သုံး စက်ရုပ်တွေ၊ အသေးစား ထိန်းချုပ်ရေးယာဉ်တွေကို ပြသခဲ့ပြီး စစ်သားတွေက ဒရုန်းကာကွယ်ရေး သေနတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
အထူးခြားဆုံး ပြကွက်တခုကတော့ လူတယောက်ဟာ flyboard လို့ခေါ်တဲ့ ခြေနင်းပျံတခု စီးပြီး လေထဲ ပျံဝဲပြခဲ့တာပါ။
သူ့ပြကွက်ကို ဥရောပခေါင်းဆောင်တွေရော ပွဲကြည့်ပရိသတ်ကပါ ကောင်းချီးပေးခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံသား စွန့်ဦးတီထွင်သူ ဖရန်ကီဇာပတာက ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက်ကို တီထွင်ခဲ့ပြီး သူကိုယ်တိုင် စီးပြခဲ့တာပါ။ အဲဒီစက်ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုးရှိပြီး ပြင်သစ်စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ တီထွင်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
2 years Ago