ပြင်သစ်သမ္မတပြော

June 10, 2018

ကုန်သွယ်ရေးတွင် နှစ်ဦးနှစ်ဖက်အဆင်ပြေမည့်နည်းသုံးရန် ထရမ့်ကို ပြင်သစ်သမ္မတပြော

ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ချဉ်းကပ်နည်းကို  အသုံးပြုဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် ပြင်သစ်သမ္မတ မာခွန်းက အလေးထား ပြောကြားခဲ့ပါတယ်။ ဇွန်လ ၈ ရက်နေ့က ပြင်သစ်သမ္မတ အီမန်နူရယ်မာခွန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဂျီဆဲဗင်း  ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ ကနေဒါနိုင်ငံ ရှာလီဗွိုက်စ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ “ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အခြေအနေက ဆိုးတယ်ပေါ့လေ။ ဒါပေမယ့် အတူတကွလုပ်ဆောင်ကြရင် တိုးတက်မှာပါ။ ကျနော်တို့ချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ အားလုံး သဘောတူ ညီချက်ရကြဖို့ ဆန္ဒရှိတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ နိုင်ငံသားတွေ အလုပ်သမားတွေနဲ့ လူလတ်တန်းစားတွေအဖို့  နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ချဉ်းကပ်နည်းကို အသုံးပြုဖို့ အလေးထားပြောကြားပါတယ်။” လို့ ပြင်သစ် သမ္မတ အီမန်နူရယ်မာခွန်းက ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ချင်း ဆက်ဆံရေး အလွန်ကောင်းပါတယ်။ လူအတော်များများ ရေးနေကြတာတွေက တကယ်ကို မမှန်ကန်ပါဘူး။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ကြားမှာ အမြင်မတူတာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အမေရိကန်ဟာ အီးယူနဲ့ ကုန်သွယ်ရေးမှာ လိုငွေပြနေခဲ့တာ နှစ်အတော်ကြာပါပြီ။ အဲဒါကို ကျနော်တို့ ဖြေရှင်းနေပါတယ်။ အဲဒီကိစ္စမှာ အီမန်နူရယ်ဟာ အလွန်အားကိုးရပါတယ်” လို့လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဂျီဆဲဗင်း ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်က အပြန်အလှန်ဝေဖန်ခဲ့ကြတဲ့ ခေါင်းဆောင် နှစ်ဦးဟာ အခုလို တွေ့ဆုံခဲ့ရာမှာတော့  တဦးနဲ့တဦး ပြေပြေလည်လည် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
3 years Ago
Up