ပြင်သစ်ရဲဖမ်းဆီး

February 11, 2017

၁၆ နှစ်အရွယ်မိန်းကလေးအပါဝင် အကြမ်းဖက်သမား သံသယရှိသူ ၄ ဦးကို ပြင်သစ်ရဲဖမ်းဆီး

ပြင်သစ်နိုင်ငံ မောင့်တ်ပယ်လီရာမြို့မှာ ဖြစ်ပေါ်မဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကို ပြင်သစ်ရဲတွေက ကြိုတင်ကာကွယ်နိုင်ခဲ့ပြီး အကြမ်းဖက်သမား သံသယရှိသူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဘရူနိုလီရောက်စ်က ပြောကြောင်း ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်တဲ့ မောင့်တ်ပယ်လီရာမြို့က တိုက်ခန်းတခုကို အကြမ်းဖက်တိုက်ခိုက်မှု ဆန့်ကျင်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ခင်းက ရှောင်တစ်ခင် ရှာဖွေစစ်ဆေးစဉ် အမျိုးသား ၃ ဦးနဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ထံမှ လက်လုပ်ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ပါရီမြို့တိုက်ခိုက်ခိုက်မှုအတွင်း သုံးခဲ့တာနဲ့ဆင်တူတဲ့ လက်လုပ်ပေါက်ကွဲမှုပစ္စည်းတွေ တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲက မိန်းကလေးငယ်က ဂျီဟက်ဒစ်ပြုလုပ်မဲ့အကြောင်း လူမှုကွန်ရက်မှာ ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ အစောပိုင်း သတင်းထုတ်ပြန်မှုတွေအရ ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ၁ ဦးက အသေခံဗုံးခွဲသမားဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။ ဒေသခံသတင်းတစ်ခုဖြစ်တဲ့ M6-အင်ဖိုက တိုက်ခိုက်မဲ့သူတွေဟာ ပါရီမြို့အတွင်း ခရီးသွားဧည့်သည် အသွားအလာများတဲ့နေရာတွေမှာ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလို့ ပြောပေမယ့် တိုက်ခိုက်မဲ့နေရာကို အတိအကျ မသတ်မှတ်ရသေးဘူးလို့လည်း ရဲသတင်းအရင်းအမြစ်က အေအက်ဖ်ပီသတင်းကို ပြောခဲ့ပါတယ်။ သံသယရှိသူတွေက ပေါက်ကွဲမှုမြင့် လက်လုပ်ဗုံး ထရိုင်အက်စီတုံး ထရိုင်ပယ်ရိုဆိုဒ် (TATP) ပြုလုပ်ရာမှာ ပါဝင် ပစ္စည်းတစ်ခုဖြစ်တဲ့ အက်ဆီတုံးကို လာဝယ်ရင်း ဖမ်းမိတာလို့ ရဲသတင်းရင်းမြစ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ သံသယရှိဖမ်းဆီးခံရသူ မိန်းကလေးက ပြင်သစ်နိုင်ငံအစား ဆီးရီးယား-အီရက် ပဋိပက္ခနယ်မြေတွေကို တိုက်ခိုက်မှုလုပ်ဖို့ သွားချင်တယ်လို့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားထားကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံအတွင်း ဂျီဟက်ဒစ်တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၃၀ ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ အခြားသတင်းတစ်ခုအနေနဲ့ ဒိန်းမတ်နိုင်ငံက တရားလိုတွေဟာ ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂင်မြို့နားက ကျောင်း ၂ ကျောင်းမှာ ဗုံးထောင်ဖို့ စီစဉ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို တရားစွဲဆိုထားပါတယ်။ အစ္စလာမ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့ မိန်းကလေးကို မြို့တော်အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာပါ။ မိန်းကလေးက လက်လုပ်ဗုံး ထရိုင်အက်စီတုံး ထရိုင်ပယ်ရိုဆိုဒ် (TATP) ကို ကိုယ်တိုင်ပြုလုပ်ခဲ့တယ်လို့ တရားလိုတွေက ယူဆနေကြပြီး အခုနှစ်ဧပြီလမှာ တရားရင်ဆိုင်ရမယ်လို့ သိရပါတယ်။
4 years Ago
Up