ပြင်သစ်ရဲတပ်ဖွဲ့

February 13, 2017

လူငယ်တဦးကို ပြင်သစ်ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးမှုအပေါ် မကျေနပ်၍ လူ ၂၀၀၀ ခန့် ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော် ပါရီက ဆင်ခြေဖုံးရပ်ကွက်တခုမှာ သီအိုလို့ အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တဦးကို ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က လူ ၂၀၀၀ ခန့် စုပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ လူငယ်တွေဖြစ်ပြီး ဆန္ဒပြလူငယ်တဦးက "ဒီအဖြစ်အပျက်က ကျနော့်ရင်ကို ထိခိုက်စေပါတယ်။ ဒီကိစ္စတွေ မကြာခဏ ဖြစ်ပျက်နေပါတယ်။ ဒါက အတော်ဆိုးပါတယ်" လို့ ပြောပြသွားပါတယ်။ ဆန္ဒပြသူတချို့က သူတို့ရဲ့ မကျေနပ်ချက်ကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်ခဲ့ပေမယ့် တချို့လူငယ်တွေကတော့ ရဲတွေအနီးကို အတင်းကပ်လာပြီး ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်တာ၊ ရိုက်ပုတ်တာတွေ လုပ်ခဲ့ရုံမက မီးရှို့ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒေါသထွက်နေတဲ့ လူငယ်တချို့ဟာ အနီးအနားမှာရှိတဲ့ အဆောက်အဦတွေရဲ့ မှန်ပြတင်းတွေကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အသက်၂၂ နှစ်အရွယ် သီအိုဆိုတဲ့ ဆန္ဒပြလူငယ်ကို ရဲအရာရှိ ၄ ဦးက အင်အားသုံး ဖမ်းဆီးခဲ့ပြီး အဲဒီလူငယ်ကို အဓမ္မကျင့်ခဲ့တယ်လို့ အများစုက စွပ်စွဲပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိသူ ရဲအရာရှိ ၄ ဦးကို ပြင်သစ်အစိုးရက ချက်ချင်း ရာထူးက ဖယ်ရှားခဲ့ပါတယ်။ ဒီ့နောက် ရဲအရာရှိတဦးကို အဓမ္မကျင့်မှု၊ အခြား ၃ ဦးကို တိုက်ခိုက်မှုတွေနဲ့ စွဲချက်တင်ထားကြောင်း ပါရီကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up