ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး

March 7, 2019

ဒီဂျစ်တယ်ကုမ္ပဏီကြီးများကို အခွန်ကောက်မည့် ဥပဒေကြမ်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး တင်ပြ

ဒီဂျစ်တယ်ကုမ္ပဏီကြီးတွေအပေါ် အခွန်ကောက်ခံမယ့် ဥပဒေမူကြမ်းတရပ်ကို ဝန်ကြီးတွေရဲ့ ကောင်စီအစည်းအဝေးမှာ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမဲယ်က မတ်လ ၆ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။ ဒီဂျစ်တယ်ကုမ္ပဏီကြီးတွေ ပြင်သစ်နိုင်ငံမှာ ရရှိတဲ့ဝင်ငွေရဲ့ သုံးရာခိုင်နှုန်းကို အခွန်ကောက်ခံသွားဖို့ အဲဒီအဆိုပြုချက်မှာ ဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံမှာ ယူရို ၂၅ သန်းကျော် ဝင်ငွေရှိတဲ့ ကုမ္ပဏီကြီးတွေနဲ့ တကမ္ဘာလုံးမှာ ဝင်ငွေ ယူရို သန်း ၇၅၀ ကျော်ရှိတဲ့ ဒီဂျစ်တယ်ကုမ္ပဏီတွေကို အခွန်ကောက်ခံဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ဥရောပအဆင့် အခွန်စည်းကြပ်ရေး စီမံကိန်းကို ပြင်သစ်နိုင်ငံက ထောက်ခံပေမယ့် တခြား ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ကြတဲ့ ဒိန်းမတ်၊ ဖင်လန်၊ အိုင်ယာလန်နဲ့ ဆွီဒင်တို့က မလိုလားတာကြောင့် စီမံကိန်း အကောင်အထည်ဖော်ဖို့ အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီ ဒီဂျစ်တယ်ကုမ္ပဏီကြီးတွေဟာ ဥရောပမှာရှိတဲ့ တခြားကုမ္ပဏီတွေအောက် အခွန်နှုန်း ၁၄ ရာခိုင်နှုန်းလျော့ပြီး ပေးနေကြတာကြောင့် အခွန်ထမ်းဆောင်မှု မျှတစေရေးအတွက် ရည်ရွယ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး OECD ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဘုံရပ်တည်ချက်ကို ကာကွယ်ရာမှာ နိုင်ငံတကာ သဘောတူညီချက် ရဖို့ကိုလည်း ဝန်ကြီးက မျှော်လင့်ထားပါတယ်။
2 years Ago
Up