ပြင်သစ်တွင် အရေးပေါ်အခြေအနေ သက်တမ်း ၃ လတိုးမြှင့်

February 17, 2016

ပြင်သစ်တွင် အရေးပေါ်အခြေအနေ သက်တမ်း ၃ လတိုးမြှင့်

ပြင်သစ်နိုင်ငံမှာ အရေးပေါ်အခြေအနေကို နောက်ထပ် သက်တမ်း ၃ လ တိုးမြှင့်ဖို့ ပါလီမန်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မဲခွဲအတည်ပြုခဲ့ပါတယ်။ မနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ပဲရစ်မြို့ နေရာတချို့မှာ လက်နက်ကိုင် တိုက်ခိုက်သူတွေက အနည်းဆုံး လူ ၁၃၀ ခန့်ကို သတ်ဖြတ်ခဲ့အပြီး ပြဋ္ဌာန်းခဲ့တဲ့ အရေးပေါ်အခြေအနေကို သက်တမ်းတိုးဖို့ ပြင်သစ်သမ္မတက တိုက်တွန်းခဲ့တာဖြစ်ကြောင်း အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။ လာမယ့် မေလ ၂၆ ရက်နေ့ထိ အရေးပေါ်အခြေအနေ သက်တမ်းတိုးမယ့်ကိစ္စကို  ဖေဖော်ဝါရီ ၁၆ ရက်နေ့က မဲခွဲရာမှာ ထောက်ခံမဲ ၂၁၂ မဲ၊ ကန့်ကွက်မဲ ၃၁ မဲ၊ ပျက်ကွဲမဲ ၃ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အထက်လွှတ်တော်ကလည်း လွန်ခဲ့တဲ့ တရက်ခြားက မဲခွဲရာမှာ မဲအများစု ထောက်ခံခဲ့ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေက အရေးပေါ်အခြေအနေဟာ လူတွေရဲ့အခြေခံလွတ်လပ်ခွင့်တွေ ထိပါးစေတယ်၊ စီးနင်းမှုတွေမှာ  အကြမ်းဖက်မှုအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားစေတယ်လို့ ဝေဖန်မှုတွေ ရှိတဲ့ကြားက မဲအပြတ်အသတ်နဲ့ ဆုံးဖြတ်ချက်ကျခဲ့တာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က အကြမ်းဖက်မှုအသစ်တွေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြီးထွားတုန်းပဲလို့ မနေ့က ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ အိုက်အက်စ် အဖွဲ့နဲ့ အိုက်အက်စ်အိုင်အယ် အုပ်စုတွေက  ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။ မွတ်စလင်လူမှုအသိုင်းအ၀ိုင်းကို ဆန့်ကျင်မှုဟာ ပြင်သစ်နိုင်ငံမှာသာမကဘဲ ဥရောပတလွှားနဲ့ အခြားနေရာတွေမှာလည်းရှိကြောင်း အိုက်အက်စ်အိုင်အယ်လ်အဖွဲ့က ပြောဆိုပြီး ပြင်းပြန်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ မွတ်စလင်ဦးရေ ၆ သန်းခန့်ရှိတာကြောင့် နိုင်ငံလူဦးရေရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိနေပြီး ဥရောပတိုက်မှာ အကြီးမားဆုံး လူနည်းစုအုပ်စုဖြစ်ပါတယ်။
6 years Ago
Up