ပြင်သစ်တွင်

March 24, 2018

ပြင်သစ်တွင် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံတောင်ပိုင်း  ထရီဘတ်စ်မြို့မှာ မတ် ၂၃ ရက်က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူ လေးဒူအန် လက်ခဒန်မ် နေထိုင်တဲ့ ကားကက်ဆန် ကုန်းမြင့်မြို့ထဲက တိုက်ခန်းကို လက်နက်အပြည့်အစုံနဲ့ ရဲတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ပြန်ပေးသမားရဲ့ လုပ်ရပ်နောက်ကွယ်က အကြောင်းရင်းနဲ့ လက်နက်ရလာတဲ့ အရင်းအမြစ်ကိုရှာဖို့ စီးနင်းခဲ့တာပါ။ ရဲကားကို တားမြစ် ပစ်ခတ်ပြီးတဲ့နောက် စူပါမားကတ်တစ်ခုမှာ ဓားစာခံတွေ ဖမ်းဆီးခဲ့တဲ့ အဲဒီသေနတ်သမားဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ရာဟာကိုလွန်က ပြောပါတယ်။ သေနတ်သမားဟာ သာမန် ရာဇ၀တ်သားတဦးသာဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ်တွေရဲ့ ခြိမ်းခြောက်မှုဖြစ်နိုင်ချေရှိမရှိကို အတိအကျ မသိရသေးဘူးလို့ ကိုလွန်ကပြောပါတယ်။ အခုတိုက်ခိုက်မှုကို တယောက်တည်း လုပ်ခဲ့ပုံရတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောထားပါတယ်။
3 years Ago

March 17, 2018

ပြင်သစ်တွင် သမ္မတ၏ ပြုပြင်ပြောင်းလဲရေးကို အငြိမ်းစားဝန်ထမ်းများ ဆန္ဒပြ

ပြင်သစ်နိုင်ငံတလွှား အငြိမ်းစားဝန်ထမ်းတွေနဲ့ အငြိမ်းစား ဂေဟာဝန်ထမ်းတွေ မတ်လ ၁၅ ရက်နေ့က သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ အငြိမ်းစားလစာအပေါ် အခွန်ပိုကောက်တာကို ဆန့်ကျင်ပြီး ထောင်နဲ့ချီတဲ့ အငြိမ်းစားဝန်ထမ်းတွေ ဇန်နဝါရီလတည်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။ ပုဂ္ဂလိက ကဏ္ဍက ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေး ဖြတ်တောက်ငွေ ပိုလျှော့ချဖို့ အခွန်တိုးကောက်တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ပျမ်းမျှ အငြိမ်းစားလစာဟာ အမေရိကန်ဒေါ်လာ ၁၆၀၀ ဖြစ်ပါတယ်။ အငြိမ်းစားတွေကတော့ သူတို့ဟာ လူကုံထံမျိုးဆက်မဟုတ်ဘူး၊ ဝေစုထက်ပိုပြီး တာဝန်ထမ်းဆောင်ပြီးပြီလို့ ပြောပါတယ်။ သမ္မတ မက်ခွန်းကတော့ ချမ်းသာကြွယ်ဝမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရောင်းချလို့ ရငွေအပေါ် ကောက်တဲ့အခွန်တွေကို ပြတ်ပြတ်သားသား လျှော့ချပြီး ပြင်သစ်အလုပ်သမားဥပဒေတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲရာမှာ အတိုက်အခံတွေကို ကျော်လွှားခဲ့ပြီးပါပြီလို့ ဒေသခံမီဒီယာက ဆိုပါတယ်။ လူငယ်အလုပ်သမားတွေကို ကူညီဖို့ အားထုတ်ရေး ဆော်သြရင်း သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တာဝန်ယူတယ်လို့ မက်ခွန်းက ပြင်သစ်အလယ်ပိုင်း ခရီးစဉ်အတွင်း မတ်လ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။
3 years Ago
Up