ပြင်သစ်တိုက်ခိုက်မှု အဓိကသံသယရှိသူကို ဖမ်းမိ (ရုပ်သံ)

April 9, 2016

ပြင်သစ်တိုက်ခိုက်မှု အဓိကသံသယရှိသူကို ဖမ်းမိ (ရုပ်သံ)

လူ ၁၃၀ သေဆုံးသွားတဲ့ နိုဝင်ဘာ ပြင်သစ်နိုင်ငံ ပဲရစ်တိုက်ခိုက်မှုအတွက် ကျန်ရှိနေတဲ့ အဓိက တရားခံ ဘယ်လ်ဂျီယံနိုင်ငံသား မိုဟာမက် အဘီနီကို ဘယ်ဂျီယံမှာ ဧပြီ ၈ ရက်က ဖမ်းဆီးလိုက်ပါတယ်။ အန်ဒါလက်ခ်ျက တိုက်ခန်းတခုကို ရဲတွေက ၀င်ရောက်ရှာဖွေပြီး သူနဲ့အတူ တခြား ၂ ဦးကို ထိန်းသိမ်းထားတယ်လို့ တရားလိုတွေက အတည်ပြုပါတယ်။ မတ် ၂၂ ရက်က ဘရပ်ဆဲလ် လေဆိပ် ခရီးသည်ထွက်ခွာရာအဆောင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု မတိုင်မီ ဦးထုတ်ဆောင်းထားတဲ့သူဟာလည်း အဘီနီအဖြစ် သံသယရှိနေပါတယ်။ ဒီလူဟာ အဘီနီဟုတ်မဟုတ်ကိုတော့ တရားလိုတွေက အတည်ပြုဖို့ ကြိုးစားနေပါတယ်။ လေဆိပ်နဲ့ မြေအောက်ရထား ဗုံးပေါက်ကွဲတိုက်ခိုက်မှုကြောင့် လူ ၃၂ ဦး သေဆုံးသွားပါတယ်။ ဖမ်းဆီးတဲ့ အထဲက တယောက်ကို အိုစမာကေလို့ တရားလိုတွေက အမည်ပေးထားပြီး ဘရပ်ဆဲလ်လေဆိပ် ပေါက်ကွဲမှုအပြီး မြေအောက်ရထားကို ဗုံးနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးရရှိမှုဟာ နိုင်ငံခြားနဲ့ပြည်တွင်းမှာ ဝေဖန်ခံနေရတဲ့ ဘယ်လ်ဂျီယံ လုံခြုံရေးတပ်ဖွဲ့အတွက် အောင်မြင်မှု တခု ဖြစ်ခဲ့ပါတယ်။
6 years Ago
Up