ပြင်သစ်ကမ်းလွန်ပင်လယ်ပြင်မှာ တခြမ်းစောင်းမျောနေတဲ့ ပနားမားမှတ်ပုံတင် ကုန်တင်သင်္ဘောကို ဖေဖော်ဝါရီ ၂ ရက်က ဆွဲသင်္ဘောတစီးနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီး စပိန်နိုင်ငံ ဘီဘာလ်အိုမြို့(Bilbao) ဆိပ်ကမ်းကို ဆွဲခေါ်သွားပြီ ဖြစ်ပါတယ်။
သင်္ဘောကို ဆွဲခေါ်ဖို့ ပထမအကြိမ် ကြိုးစားခဲ့ပေမယ့် ရာသီဥတု အခြေအနေ အတော့်ကို လှိုင်းကြမ်းပြီး ပြင်းထန်နေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ရာသီဥတု အခြေအနေ သက်သာလာတဲ့အချိန်မှာ ကယ်ဆယ်ရေး အထူးကျွမ်းကျင်သူ ၄ ဦးက ကုန်တင်သင်္ဘောနဲ့ ဆွဲသင်္ဘောတို့ကို ကြိုးနဲ့ ချိတ်ဆက်နိုင်ခဲ့တာပါ။
ဒီဒုတိယအကြိမ် ကြိုးစားလို့ မအောင်မြင်ရင် သင်္ဘောဟာ ပင်လယ်ရေလှိုင်းနဲ့ အတူမျောပါသွားပြီး ပြင်သစ်အနောက်တောင်ပိုင်းကမ်းခြေကို ၀င်တိုက်မယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။
ဂါဘွန်နိုင်ငံကနေ ပြင်သစ်နိုင်ငံကို သစ်နဲ့ ဆောက်လုပ်ရေးစက်ပစ္စည်း တန်ချိန် ၃၆၀၀ ကျော် တင်ဆောင်ထားပြီး ပြီးခဲ့တဲ့တပတ်က သင်္ဘောတခြမ်းစောင်းသွားတာပါ။
လေပြင်းတိုက်ခတ်ပြီး လှိုင်းကြမ်းနေတဲ့အချိန်မှာ သင်္ဘောကို အရှိန်နဲ့ ကွေ့လိုက်လို့ သင်္ဘောက အခုလို ၄၀ ဒီဂရီနဲ့ ၅၀ ဒီဂရီကြား တိမ်းစောင်းသွားတာ ဖြစ်နိုင်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ဆိုပါတယ်။
သင်္ဘောသား ၂၂ ဦးလုံးကို ကယ်တင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ လောင်စာဆီ ယိုဖိတ်မှုတော့ မရှိဘူးလို့လည်း ပြင်သစ်အာဏာပိုင်တွေက ပြောဆိုပါတယ်။
7 years Ago