ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ဇူလိုင် ၂၄ ရက်က နေ့အပူချိန် ၃၉ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်နေပါတယ်။
နေပူထဲမှာ အီဖယ်တာဝါပုံ ချောကလက်တခုဟာ ၁၀ မိနစ်အတွင်း အရည်ပျော်သွားတဲ့ ရုပ်သံဖိုင်ကိုလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်မှာ ပါရီမြို့ရဲ့ နေ့အချိန်ဟာ အမြင့်ဆုံး ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ စံချိန်သစ်တင်နိုင်တယ်လို့ ပြင်သစ် မိုးလေဝသဌာန Meteo France က ခန့်မှန်းခဲ့ပါတယ်။
ပါရီမြို့သမိုင်းမှာ အမြင့်ဆုံးအပူချိန် ရောက်ရှိခဲ့တာကတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ကဖြစ်ပြီး နေ့အပူချိန် ၄၀ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့တာပါ။
ပြင်သစ်အာဏာပိုင်တွေဟာ ရာသီဥတု သတိပေးချက် အမြင့်ဆုံး အနီရောင်အဆင့် ထုတ်ပြန်ထားချိန်မှာ အီဖယ်တာဝါအောက်ခြေက ရေပန်းတွေမှာ အပူရှောင်သူ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။
လက်ရှိမှာ အပူချိန်မြင့်တက်နေပေမယ့် အနောက်ဘက်က လေအေးတွေ ဝင်လာနေတာကြောင့် အပူချိန် တဖြည်းဖြည်း ပြန်ကျနိုင်ပြီး သောကြာနေ့ကစလို့ မိုးရွာနိုင်ခြေများတယ်လို့ Meteo France မိုးလေဝသဌာနက ပြောပါတယ်။
4 years Ago