ငြင်းဆို

January 19, 2018

သားသမီး ၁၃ ဦးကို နှိပ်စက်ညဉ်းပန်းမှုဖြင့် ဖမ်းခံရသည့် ဇနီးမောင်နှံ အပြစ်မရှိဟု ငြင်းဆို

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ သားသမီး ၁၃ ယောက်ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဇနီးမောင်နှံက သူတို့မှာ အပြစ်မရှိကြောင်း ရှေ့နေကတဆင့်  ငြင်းဆန်လိုက်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦးစလုံးဟာ တရားရုံးကြားနာမှုတလျောက်လုံးမှာ  စကားတခွန်းမှ မပြောခဲ့ ကြပါဘူး။ တရားသူကြီး မိုက်ကယ်ဒွန်နာကတော့ တရားခံတယောက်ကို အာမခံကြေး အမေရိကန်ဒေါ်လာ ၁၂ သန်းစီ သတ်မှတ်ခဲ့ပြီး နောက်တကြိမ် ကြားနာတာကို ဖေဖော်ဝါရီ ၂၃ ရက်မှာ လုပ်မယ်လို့ အမိန့်ချခဲ့ပါတယ်။ ဒေးဗစ်တာပင်နဲ့ သူ့ဇနီးလူးဝစ်တို့ဟာ ကလေးတွေအပေါ် နှိပ်စက်ညှင်းပန်းမှု၊ ချုပ်နှောင်ထားမှု စတဲ့ စွပ်စွဲချက် တဒါဇင်နီးပါးနဲ့  ရင်ဆိုင်နေရပြီး ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှားရင် ထောင်ဒဏ် ၉၄ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် သူတို့သမီးဖြစ်သူက သူနဲ့ကျန်တဲ့ မောင်နှမ ၁၂ ယောက်ကို အိမ်ထဲမှာ မိဘတွေက ဖမ်းထားတယ်လို့ ရဲကို သတင်းပေးဖုန်းဆက်ခဲ့အပြီးမှာ ရဲတပ်ဖွဲ့က သူတို့ ဇနီးမောင်နှံကို ဇန်န၀ါရီ ၁၄ ရက်နေ့ကတည်းက ဖမ်းထားတာပါ။ “ကျနော့် အမှုသည်တွေဟာ အပြစ်မရှိကြဘူးလို့ ယူဆပါတယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်။ ခင်ဗျားတို့လည်း ဒီလိုပဲ မှတ်ယူစေချင်ပါတယ်။ ကျနော်ရော ကျနော့်အမှုသည်တွေကိုရော ဒီလိုပဲ ခံယူထားပါတယ်။  ဒုတိယအနေနဲ့ အမှုသည်တွေအတွက် ကျနော်တို့ ရုံးတော်မှာ  ရဲရဲဝင့်ဝင့် ရပ်တည်ရင်ဆိုင်ပေးသွားမှာပါ။  မီဒီယာရှေ့မှာ ရင်ဆိုင်မှာမဟုတ်ပါဘူး” လို့ ရှေ့နေ ဒေးဗစ်မာချာက ပြောသွားပါတယ်။
3 years Ago

ရန်ကုန်တိုင်းတရားရုံး၌ တရက် မင်္ဂလာစုံတွဲ ၁၀ တွဲသာ လက်ခံသည့်သတင်း မဟုတ်မှန်ဟု ငြင်းဆို

ရန်ကုန်တိုင်းတရားရုံးမှာ တရက်ကို မင်္ဂလာစုံတွဲ ဆယ်တွဲသာ လက်ခံတယ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။ တရားသူကြီးတွေရဲ့ တရားရေးဆိုင်ရာ အလုပ်တွေကို ဦးစားပေးဖို့အတွက် အဓိက လုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အခုလို လက်မှတ်ထိုးတာကို အချိန်မပေးနိုင်ခဲ့တာပါလို့  ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်က ဒီဗွီဘီကို ပြောပါတယ်။ တခြားအလုပ်တွေ မရှိဘူးဆိုရင် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး တရက်ကို မင်္ဂလာစုံတွဲ ဆယ်တွဲသာ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိတဲ့အကြောင်းနဲ့ မင်္ဂလာ လက်မှတ်ထိုးတဲ့ ကိစ္စက တရားရုံးရဲ့ လုပ်ငန်းတာဝန်တွေ မပါဘူးလို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် တရားရုံးအတွင်းမှာ တရားသူကြီးတွေအနေနဲ့ လုပ်ငန်းတာဝန် ပျက်ကွက်တာမျိုး ဖြစ်မှာစိုးတာကြောင့် မင်္ဂလာလက်မှတ်ထိုးတဲ့ကိစ္စကို ရုံးတွင်းစည်းကမ်းနဲ့ သတ်မှတ်တာလို့လည်း တိုင်းတရားရေးဦးစီးမှူးက ပြောပါတယ်။ မင်္ဂလာစုံတွဲတွေအနေနဲ့ တယောက်နဲ့တယောက် ရေရှည်လက်တွဲပြီး ဘဝတခု တည်ဆောက်တဲ့အခါမှာ ခိုင်မာမှုရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ တရားရုံးမှာ လာပြီး လက်မှတ်ထိုးလေ့ ရှိကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းတရားရုံးရဲ့ ခံ့ညားမှုကလည်း မင်္ဂလာစုံတွဲတွေ ဓာတ်ပုံရိုက်ချင်စရာ နေရာကောင်းတခုလည်း ဖြစ်နေတာပါ။ ဇန်န၀ါရီ ၁၈ ရက်နေ့ကတော့ တရားရုံးမှာ လက်မှတ်ထိုးတဲ့ မင်္ဂလာစုံတွဲတွေ လက်မှတ်ထိုးခွင့်ရဖို့ စောင့်နေရတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ အခု ရက်ပိုင်းကစပြီး တရားရုံးထဲမှာ မင်္ဂလာစုံတွဲတွေအနေနဲ့ အပြင်ဓာတ်ပုံဆရာ ခေါ်လာပြီး ဓာတ်ပုံရိုက်ခွင့်ကိုလည်း ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။
3 years Ago

September 3, 2017

အန်ဂျီအိုအဖွဲ့အစည်းများ ကူညီထောက်ပံ့မှု စစ်တွေဒုက္ခသည်စခန်းများ ငြင်းဆို

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို နိုင်ငံတကာ အဖွဲ့အစည်းက လာရောက် အကူအညီတွေ ပို့ခဲ့ပေးမယ့် စစ်တွေမြို့ ဒုက္ခသည်စခန်းတွေက လက်မခံဘဲ ငြင်းဆိုလိုက်ကြပါတယ်။ နိုင်ငံတော်ရုံးတော်အတိုင်အပင်ခံရုံးက အန်ဂျီအို- အိုင်အန်ဂျီအိုစတဲ့ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အသီးအသီးတို့ အန်ဂျီအို- အိုင်အန်ဂျီအို နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်က ထွက်သွားဖို့စတဲ့အချက်တွေကြောင့် လက်မခံဖို့ ငြင်းဆိုလိုက်တာလို့ အနောက်တခါးလှုမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ခေါင်း ဦးအောင်ဋ္ဌေးက ပြောပါတယ်။ “ကျနော်တို့ အိုင်အန်ဂျီတွေရဲ့ထောက်ပံ့မှုကို လက်မခံတာက ပထမအချက်အနေနဲ့ စစ်တွေမြို့ အပါအဝင် မြို့နယ်ပေါင်းစုံက ဆန္ဒထုတ်ဖော်ပြီးတော့ အိုင်အန်ဂျီအိုနဲ့ အန်ဂျီအိုတွေကို ရခိုင် ပြည်နယ်က နှင်ထုတ်ပေးဖို့စတဲ့ တောင်းဆိုချက်တခုရှိခဲ့ပါတယ်ခင်ဗျ။ အဲဒီအချက်က ဘာဖြစ်လို့ ဆိုတော့ အကြမ်းဖက်သမားတွေ နေရာမှာ အန်ဂျီအို- အိုင်အန်ဂျီအိုတွေ ထောက်ပံ့ ပစ္စည်းတွေ တွေ့ရှိချက်အချက်ရယ်။ နောက်တခါ နိုင်ငံတကာ အထောက်ပံ့တွေနဲ့ လှုပ်ရှားလို့ တွေ့ရှိလာတာကြောင့် ကျနော်တို့ ဒေသခံတွေက အန်အန်ဂျီတွေနဲ့ ဆက်ဆံမှု လုံးဝမလုပ်ဘူး။ ထောက်ပံပစ္စည်းတွေလည်း လုံးဝလက်မခံဘူးဆိုတော့ ဆုံးဖြတ်လိုက်ကြပါတယ်။” အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် ရောက်ရှိလာတဲ့သူတွေအနေနဲ့ အန်ဂျီအို စတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေကို လုံးဝလက်မခံဘူးဆိုတဲ့ လူထုရဲ့ဆုံးဖြတ်ချက်နဲ့ အခုလို ကူညီထောက်ပံ့ပစ္စည်းတွေမယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အိုင်အန်ဂျီ- အန်ဂျီတွေက ဘုန်းတော်ကြီးကျောင်းတွေကို မနေ့က စားနပ်ရိက္ခာတွေ လာရောက် ပေးပို့ခဲ့မယ့် ဒုက္ခသည်စခန်းတွေက အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်အချက်နဲ့ အဲဒီပစ္စည်းတွေကို လက်မခံဘဲပြန် ပေးလိုက်တာပါ။ သြဂုတ်လ ၂၅ ရက်နေ့ စတင်ဖြစ်ပွားခဲ့တဲ့အကြမ်းမှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ သူတွေ ဒီကနေ့အချိန်အထိ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းမှာဒုက္ခသည်၂၀၀၀ ကျော် အထက်ရှိနေပြီး လတ်တလော စားဝတ်နေရေးနဲ့ပတ်သက်လို့ အလှူရှင်တွေက ငွေကြေးလှူဒါန်မှုနဲ့ ကူညီဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အန်ဂျီအို- အိုင်အန်ဂျီအိုတွေကို ဒီဗွီဘီက ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါတယ်။
4 years Ago
Up