ခြင်္သေ့လှောင်အိမ်ထဲ အရက်မူးပြီး ခုန်ဝင်ခဲ့သူ ကံကောင်းထောက်မစွာ လွတ်မြောက်

A d v e r t i s e m e n t With Us

May 24, 2016

ခြင်္သေ့လှောင်အိမ်ထဲ အရက်မူးပြီး ခုန်ဝင်ခဲ့သူ ကံကောင်းထောက်မစွာ လွတ်မြောက် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးဟာ အရက်သေစာ သောက်စားပြီး တိရစ္ဆာန်ဥယျာဉ်တခုထဲက ခြင်္သေ့တွေထားတဲ့ဝင်းထဲကို ခုန်ကျော်ဝင်ခဲ့ပြီး နောက်မှာ တိရစ္ဆာန်ရုံ ၀န်ထမ်းတွေကြောင့် ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မေလ ၂၂ ရက်နေ့က နေရူးတိရစ္ဆာန်ဥယျာဉ်တွင်းမှာ ဖြစ်ခဲ့ပြီး မူကက်ရှ် အမည်ရတဲ့ အဆိုပါအမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။ သူဟာ ခြံစည်းရိုးကို ကျော်ဝင်ပြီးခဲ့တဲ့အချိန်မှာ ခြင်္သေ့တွေရှိတဲ့ဆီ မရောက်မီ မြေပြင်မှ အနက် ၁၂ ပေရှိတဲ့ ကျုံးတခုတွင်းကို ရောက်သွားခဲ့တာပါ။ သူဟာ ရေထဲမှာ ခက်ခက်ခဲခဲဖြတ်ကျော်ပြီး ကမ်းတဘက်မှာရှိနေတဲ့ ခြင်္သေ့ဆီသွားဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအချိန်မှာပဲ ခရစ်ရှ်နာ အမည်ရတဲ့ ခြင်္သေ့အထီးဟာ ခြင်္သေ့မအနားကို ရောက်ရှိလာခဲ့ပါတယ်။ လက်တကမ်းအကွာမှာရှိနေတဲ့ ခြင်္သေ့တွေက အဲဒီအမျိုးသားကို ရန်မမူနိုင်ဖို့အတွက် လာရောက်လည်ပတ်ကြသူတွေနဲ့ တိရစ္ဆာန်ရုံ ၀န်ထမ်းတွေက ခဲလုံးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ တိရစ္ဆာန်ရုံဝန်ထမ်းတဦးက “သူ ကံကောင်းပါတယ်။ ခြင်္သေ့တွေက တခြား ခြင်္သေ့အရိုင်းတွေလို လူကို သားကောင်အဖြစ် မြင်မနေကြလို့ပါ။ ဒီတိရစ္ဆာန်ရုံထဲက ပြုစုစောင့်ရှောက်မှုနဲ့အတူ သူတို့က ကြီးပြင်းလာကြလို့ပါ” လို့ ပြောပါတယ်။ ဘေးမှာရှိနေကြတဲ့ လာရောက်လည်ပတ်ကြသူတွေနဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ရေထဲကနေ ခြင်္သေ့တွေနဲ့ ဝေးရာဆီ ပြန်ကူးလာခဲ့ဖို့ အော်ဟစ်ပြောဆိုခဲ့ကြရပါတယ်။ အဆိုပါအမျိုးသားဟာ ကျုံးတဘက်ဆီ ပြန်ကူးခဲ့ချိန်မှာ ၀န်ထမ်းတွေက စည်းရိုးကို နှိမ့်ပေးခဲ့ကြပြီး ပြန်ထွက်နိုင်ဖို့ ကူညီပေးခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ ညနေ ၅ နာရီလောက်ရှိနေပြီး ခြင်္သေ့တွေရဲ့ အစာကျွေးမွေးချိန်ဖြစ်လို့ ပါပါရီးယာအမည်ရ တိရစ္ဆာန်ရုံဝန်ထမ်းက အဆိုပါခြင်္သေ့တွေကို ချော့မော့ခေါ်ခဲ့လို့ ခုလို ဘာမှမဖြစ်ဘဲ ပြန်လွတ်ခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယတိုင်းမ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အရက်မူးပြီး ခုလိုလုပ်ဆောင်ခဲ့မှုအတွက် အဆိုပါအမျိုးသားကို ပြစ်တင်ဝေဖန်နေကြပြီး လက်ရှိမှာတော့ သူ့ကို ဘဟာဒါပူရ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ရဲစခန်းမှ တာဝန်ရှိသူ စစ်ဆေးရေးမှူး ဟာရစ်ခ်ျကူးရှိတ်က “သူ့အပြုအမူနဲ့ ပတ်သက်ပြီး ကျနော်တို့ မေးတဲ့အခါ သူက ခြင်္သေ့တွေကို နီးနီးကပ်ကပ်တွေ့ပြီး လက်ဆွဲနှုတ်ဆက်ချင်လို့ ခုလိုဝင်ခဲ့တာလို့ ဖြေခဲ့တယ်။ ကျနော်တို့ သူ့ကို မေးခွန်းတွေ ထပ်မေးရပါဦးမယ်” လို့ ပြောပါတယ်။ အဆိုပါအမျိုးသားကို တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ၊ ပိုက်နက်ကျူးလွန်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up