ခြင်္သေ့

March 6, 2019

တရားမဝင် မွေးမြူထားသည့် ခြင်္သေ့ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသား

ချက်နိုင်ငံသား အမျိုးသားတဦးဟာ အိမ်မှာ တရားမဝင် မွေးမြူထားတဲ့ ခြင်္သေ့တကောင် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၅ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့ပိုင်း၊ ဇဒက်ဟော့ဗ်ကျေးရွာမှာ ဖြစ်ခဲ့ပြီး သေဆုံးသူ မီခဲပရာဆက်ခ်ဟာ ၉ နှစ်သားအရွယ် ခြင်္သေ့တကောင်နဲ့ တခြား ခြင်္သေ့အမတကောင်ကို မွေးမြူထားခဲ့တဲ့အတွက် အနီးနား ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့အလောင်းကိုတော့ ခြင်္သေ့လှောင်အိမ်ထဲမှာ ပိတ်မိလျက်သား အနေအထားနဲ့ ဖခင်ဖြစ်သူက တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီခြင်္သေ့တွေကိုတော့ ခြံအတွင်းမှာ သီးခြားလှောင်အိမ်တွေနဲ့ မွေးမြူထားခဲ့တာဖြစ်ပြီး ရဲတွေက အသေပစ်ခတ် ရှင်းလင်းခဲ့ကြရတာပါ။ သေဆုံးသူရဲ့အလောင်းကို ပြန်ထုတ်လို့ရအောင် ခုလို ပစ်သတ်ခဲ့ရတာလို့ ရဲတာဝန်ရှိသူတဦးက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် ပရာဆက်ခ်ဟာ အဲဒီခြင်္သေ့ကို ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ခြင်္သေ့အမကိုတော့ ပြီးခဲ့တဲ့နှစ်က ထပ်မံဝယ်ယူပြီး ခြံအနောက်ဘက်မှာ မွေးထားခဲ့တာပါ။ သူ့ခြံအတွင်းမှာ ခြင်္သေ့လှောင်အိမ် တည်ဆောက်ဖို့အတွက် အစပိုင်းတုန်းက သက်ဆိုင်ရာက ခွင့်ပြုချက်မရခဲ့ဘဲ ခြင်္သေ့တွေ တရားမဝင် မွေးထားခဲ့လို့ ဒဏ်ငွေလည်း ဆောင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပရာဆက်ခ်က သူ့အိမ်ကို ဘယ်သူမှ အလာမခံခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အငြင်းပွားမှု မပြီးပြတ်ဘဲ ဖြစ်နေခဲ့တာပါ။ ချက်နိုင်ငံမှာ ခြင်္သေ့တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ အထောက်အထား၊ နောက်ပြီး နိုင်ငံတွင်းမှာ ခြင်္သေ့တွေကို ထိန်းသိမ်းထားနိုင်မယ့် တခြားနေရာလည်း မရှိတာမို့ အာဏာပိုင်တွေက ပရာဆက်ခ်ဆီကနေ သိမ်းယူတာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နွေဦးရာသီတုန်းကလည်း ခြင်္သေ့အမကို လွှတ်ကျောင်းနေတုန်း စက်ဘီးသမားတဦးနဲ့ တိုက်မိခဲ့လို့ ခေါင်းစီးသတင်းတွေထဲမှာ ပါလာခဲ့ပါသေးတယ်။ ဒါကို ရဲက ဝင်ဖြေရှင်းပေးလိုက်ချိန်မှာတော့ ယာဉ်မတော်တဆမှု အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ခုလက်ရှိ ဖြစ်ပျက်သွားတဲ့ အခြေအနေကတော့ ကာလရှည် မဖြေရှင်းနိုင်ဘဲ ဖြစ်နေခဲ့တဲ့ ပြဿနာကို ဖြေရှင်းလိုက်နိုင်သလိုတော့ ဖြစ်သွားတယ်လို့ မြို့တော်ဝန် တောမတ်စ် ကိုချိုရက်ခ်က ပြောပါတယ်။
3 years Ago

November 9, 2018

ခြင်္သေ့ရန်မှ ထွက်ပြေးခဲ့သည့် ကျွဲအုပ် မြစ်အတွင်းကျပြီး အကောင် ၄၀၀ ခန့်သေဆုံး

ဘော့ဆွာနာနဲ့ နမီးဘီးယား နှစ်နိုင်ငံနယ်စပ်မှာ ကျွဲအုပ်စုပြုံတိုးမှု ဖြစ်ပြီး ချိုဘီမြစ်အတွင်း ကျခဲ့တာကြောင့် ကျွဲကောင်ရေ ၄၀၀ ဝန်းကျင် ရေနစ်သေဆုံးခဲ့တယ်လို့ ခရီးသွားဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကျွဲအုပ်ဟာ ခြင်္သေ့တွေရန်ကနေ ထွက်ပြေးခဲ့ပုံရပြီး မတ်စောက်တဲ့ မြစ်ကမ်းတလျှောက် တကောင်နဲ့တကောင် တိုက်မိကာ မြစ်ထဲကျခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။ ကနဦးစုံစမ်းမှုတွေအရ ကျွဲအုပ်ဟာ ချိုဘီမြစ်အတွင်း မကျခင် နမီးဘီးယားနိုင်ငံ စားကျက်မှာ သွားလာခဲ့တယ်လို့ သိရပါတယ်။ ချိုဘီမြစ်ဟာ ဆင်၊ မြင်းကျား၊ ဖျံနဲ့ အာဖရိကကျွဲအုပ်တွေ ကျက်စားတဲ့ ချိုဘီ အမျိုးသားဥယာဉ်ရှိရာ နယ်စပ်တလျှောက် စီးဆင်းနေတာဖြစ်ပါတယ်။ အဲဒီ ချိုဘီ အမျိုးသားဥယျာဉ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာနေရာ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up