ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဟာ ထိုင်းနိုင်ငံ တိရစ္ဆာန်ဥယျာဉ်တခုထဲမှာ ခြင်္သေ့တကောင်နဲ့ ဓာတ်ပုံရိုက်ဖို့အတွက် တင်ပါးကိုပုတ်ခဲ့တဲ့အတွက် ခြင်္သေ့က ဒေါသထွက်ပြီး တိုက်ခိုက်ခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘောက်ဇ်ဆာရော့ဘ်ဘီဂိန်းန် အမည်ရတဲ့ အဲဒီအမျိုးသားဟာ သူငယ်ချင်းတွေနဲ့ ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က ဖော်ပြပါတယ်။
သူတို့အုပ်စုဟာ ထိုင်းနိုင်ငံ အလည်အပတ်ကာလအတွင်းမှာ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေနဲ့ ဆင်တွေကို တိရစ္ဆာန်ဥယျာဉ်တွင်းမှာ သွားရောက်ကြည့်ရှုကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
သူတို့ရောက်ရှိခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်တွင်းမှာတော့ လှောင်အိမ်တွင်းကို တိရစ္ဆာန် ထိန်းသိမ်းရေးသမားတဦးနဲ့အတူ ဝင်ခွင့်ပြုထားပြီး ခြင်္သေ့ကို ကွန်ကရစ်ဘလောက်တုံး တခုပေါ်မှာ ၂ ပေအရှည်ရှိတဲ့ ချိန်းကြိုးနဲ့ ချည်နှောင်ပြသထားတာပါ။
ရော့ဘ်ဘီဟာ လှောင်အိမ်အတွင်း ရောက်ရှိချိန်မှာ ဓာတ်ပုံရိုက်ဖို့အတွက် အလေးချိန် ပေါင် ၄၀၀ ရှိတဲ့ ခြင်္သေ့အနီးကို ချဉ်းကပ်ခဲ့ပြီးနောက် တင်ပါးကို ထိတို့လိုက်ချိန်မှာ ခြင်္သေ့က ဒေါသတကြီး သူ့ဘက်လှည့်တိုက်ခိုက်ဖို့ ပြင်ခဲ့တဲ့အတွက် အပြင်ကို ထွက်ပြေးခဲ့ရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အထိန်းအမျိုးသားဟာ ခြင်္သေ့ကို ငြိမ်အောင်ထိန်းထားခဲ့ပြီး သူ့ကို ပြန်လာခဲ့ဖို့ ပြောခဲ့ပေမယ့်
သူကတော့ ပြန်ဝင်မသွားနိုင်တော့ပါဘူး။
ကံကောင်းထောက်မစွာပဲ သူ့ကို ဘာမှမထိခိုက်ခဲ့ပေမယ့် ဒီချိန်းကြိုးဟာ ခုလို ခြင်္သေ့တကောင်ကို ထိန်းသိမ်းနိုင်ဖို့ဆိုတာထက် စက်ဘီးတစီးကို သော့ခတ်ထိန်းသိမ်းဖို့လောက်တောင် အာမခံချက်မရှိနိုင်ဘူးလို့ ရော့ဘ်ဘီက ပြောလိုက်ပါတယ်။
ဒီအဖြစ်အပျက်ကို သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကမ်မရွန်း ဟာ့လ်ဖ်ပဲန်နီက ရိုက်ယူထားနိုင်ခဲ့တာပါ။
“ကျနော် ဒီနေရာကို နောက်တခါမလာတော့ပါဘူး။ ခြင်္သေ့တွေဟာ တောနက်ထဲမှာသာ ရှိနေသင့်တာပါ” လို့ ရော့ဘ်ဘီက ပြောလိုက်ပါတယ်။
6 years Ago