ခြင်

October 30, 2018

ငှက်ဖျားခြင် မျိုးပြုတ်အောင် နှိမ်နင်းနိုင်မည့် လမ်းစတွေ့ရှိ

မျိုးဗီဇပြုပြင်တဲ့ နည်းပညာကို အသုံးပြုပြီး ငှက်ဖျားရောဂါပိုးသယ်ဆောင်တဲ့ ခြင်တွေမျိုးပြုတ်အောင် နှိမ်နင်းနိုင်မယ့် လမ်းစကို ဗြိတိန်နိုင်ငံ၊ လန်ဒန် အင်ပီရီရယ် ကောလိပ် ဓါတ်ခွဲခန်း ပညာရှင်တွေက တွေ့ခဲ့ကြတယ်။ ခြင်အမတွေတချို့ကနေ ခြင်မျိုးဆက်အားလုံးထိနဲ့ ဆိုင်တဲ့ အမတွေရဲ့ သန္ဓေအောင်ခြင်းဖြစ်စဉ်အတွက် အရေးကြီးတဲ့ မျိုးဗီဇတချို့ကို ပြုပြင်ပြောင်းလဲပြီး အဲဒီကတဆင့် မျိုးဆက်အလိုက် ပျံ့နှံ့သွားစေခြင်းအားဖြင့် ငှက်ဖျားရောဂါပိုးကို ပပျောက်စေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်အတွက် မျိုးဆက် ၈ခုလောက် လက်ဆင့်ကမ်းပြီး ခြင်အမတွေ သန္ဓေမအောင်စေမယ့် ပြုပြင်ထားတဲ့မျိုးဗီဇကိုသယ်ဆောင်သွားခြင်းအားဖြင့် ၆လလောက် အကြာမှာ အဲဒီခြင်မျိုးဆက် တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်မယ်လို့ ပါမောက္ခ အန်ဒရီယာ ခရစ်ဆန်တီက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က တကမ္ဘာလုံးမှာ လူသန်းပေါင်း ၂၀၀ လောက် ငှက်ဖျားရောဂါပိုးကူးစက်ခံခဲ့ရပြီး  လူ ငါးသိန်းနီးပါး သေဆုံးခဲ့ပါတယ်။
3 years Ago

October 1, 2018

ဂရိတွင် West Nile ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူ ၄ ဦး သေဆုံး

ဂရိနိုင်ငံမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း West Nile ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့ကြောင့် အခုနှစ်အစောပိုင်းကတည်းကဆိုရင် နိုင်ငံတဝှမ်းမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာတယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။ မေလမှာ ပထမဆုံးကူးစက်မှု ဖြစ်ပြီးကတည်းက West Nile ဗိုင်းရပ်စ် ကူးစက်မှု ၂၇၁ ခုအထိ ရှိခဲ့တယ်လို့ ဂရိ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လက်ရှိမှာ ကူးစက်ခံရသူ ၂၁ ဦး ဆေးကုသခံယူနေပြီး ၁၄ ဦးဟာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီဗိုင်းရပ်စ်ကို ဂရိမှာ ၂၀၁၀ ပြည့်နှစ်က စတင်တွေ့ခဲ့တာဖြစ်ပြီး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သေဆုံးသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။ West Nile ဗိုင်းရပ်စ်ပိုးသယ်တဲ့ခြင် အကိုက်ခံရမယ်ဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပြီး ဗိုင်းရပ်စ်ကြောင့် အာရုံကြောစနစ်ကို သက်ရောက်မှုရှိသလို ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။
3 years Ago
Up