နွေရာသီအိုလံပစ်

A d v e r t i s e m e n t With Us

September 18, 2015

၂၀၂၄ နွေရာသီ အိုလံပစ်ပွဲတော် ကျင်းပမည့်မြို့ ရွေးချယ်ရေး သုတေသနပြု လုပ်ဆောင်မည်

၂၀၂၄ နွေရာသီ အိုလံပစ်ပွဲတော် ကျင်းပခွင့်ရဖို့ အဆိုပြု လေလံတင်သွင်းထားတဲ့ နိုင်ငံ ၅ ခုရဲ့ မြို့ ၅ မြို့ထဲကနေ ရွေးချယ်ဆုံးဖြတ်ဖို့အတွက် နိုင်ငံတကာ အိုလံပစ်ကော်မီတီ (အိုင်အိုစီ) အနေနဲ့ လူထုတွေရဲ့ အားပေးထောက်ခံမှုကို အကဲဖြတ်ဖို့ ကိုယ်ပိုင်အစီအစဉ်နဲ့ သုတေသနပြု လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အိုင်အိုစီ ဥက္ကဋ္ဌ သောမတ်စ်ဘခ်က ပြောပါတယ်။ ၂၀၂၄ အိုလံပစ်အားကစားပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အပြိုင်အဆိုင် စာရင်းသွင်းလာတဲ့ အကောင်းဆုံးမြို့ ၅ မြို့ကတော့ ဟန်ဂေရီနိုင်ငံက ဘူဒါပတ်စ်မြို့၊ ဂျာမနီနိုင်ငံက ဟမ်းဘာ့ဂ်မြို့၊ အမေရိကန်ပြည်ထောင်စုက လော့စ်အိန်ဂျလိစ်၊ ပြင်သစ်နိုင်ငံက ပါရီမြို့နဲ့ အီတလီနိုင်ငံက ရုမ်းမြို့တို့ ဖြစ်ကြပါတယ်။ "အိုင်အိုစီ အနေနဲ့ကတော့ အားကစားသမားတွေကို ကြိုဆိုပေးကြမယ့် မြို့တွေကိုပဲ စေလွှတ်ချင်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အားကစားသမားတယောက်အတွက် လူထုရဲ့ အားပေးကူညီမှုက သိပ်အရေးကြီးပါတယ်။ ဒီ လူထုပံ့ပိုးမှု ရှိတယ်ဆိုတာ သေချာနေအောင်လည်း အိုင်အိုစီ အနေနဲ့ အဲဒီ လေလံဝင်ပြိုင်ထားတဲ့မြို့ ၅ မြို့စလုံးမှာ တချိန်တည်း၊ တပြိုင်တည်း လျှို့ဝှက်မဲပေးနိုင်ဖို့ကို လုပ်ဆောင်သွားပါမယ်။ ဒါမှ ကျနော်တို့အနေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ ရလဒ်တခု ရနိုင်မှာ ဖြစ်ပါတယ်" လို့ အိုင်အိုစီ ဥက္ကဋ္ဌ သောမတ်စ် ဘခ်က ပြောပါတယ်။ အိုင်အိုစီဟာ ၂၀၂၂ ဆောင်းရာသီ အားကစားပွဲတွေအတွက် လှုံ့ဆော်မှုတွေ လုပ်ခဲ့တုန်းက ဆွစ်ဇာလန်က စိန့်မောရဇ်မြို့၊ ဂျာမနီနိုင်ငံ မြူးနစ်ခ်ျမြို့နဲ့ ပိုလန်နိုင်ငံ ကရာကိုးမြို့တွေမှာ ခုလို လေလံတင် အဆိုပြုရတဲ့စနစ်ကို လူထုဆန္ဒခံယူပွဲတွေလုပ်ပြီး ဆန့်ကျင်ကန့်ကွက်ခံခဲ့ရတာကြောင့် စိုးရိမ်ထိတ်လန့်နေပါတယ်။ အိုလံပစ်ပွဲတော်ကို စရိတ်သက်သက်သာသာနဲ့ လက်ခံကျင်းပခွင့်ရဖို့ လေလံတင်သွင်းရာမှာ ပိုလွယ်ကူပြီး လူထုစိတ်ဝင်စားမှုကို ပြန်လုပ်ဆောင်တဲ့အနေနဲ့ “Agenda 2020” ဆိုတဲ့ ခေါင်းစည်းစာတန်းအောင်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးကို လုပ်ဆောင်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းသစ်တွေအောက်မှာ လေလံပြိုင်ထားတဲ့ မြို့တွေဟာ ခွဲခြားဖိနှိပ် ဆက်ဆံမှုတွေ မရှိရေးနဲ့ အလုပ်သမား အခွင့်အရေး စတဲ့အချက်တွေမှာလည်း သတ်မှတ်စံနှုန်းတွေ ပြည့်မီရမှာ ဖြစ်ပါတယ်။ နွေရာသီ အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ နိုင်ငံရဲ့အမည်ကို ၂၀၁၇ ခုနှစ်ကျရင် ပီရူးနိုင်ငံမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ ရွေးချယ်ကြေညာမှာ ဖြစ်ပါတယ်။
5 years Ago
Up