မြွေဟောက် ဘယ်လိုအဆိပ်ထုတ် တိုက်ခိုက်သလဲ

December 5, 2016

မြွေဟောက် ဘယ်လိုအဆိပ်ထုတ် တိုက်ခိုက်သလဲ (ရုပ်သံ)

ဘီဘီစီရဲ့ ရုပ်သံရိုက်ကူးသူနဲ့ ဆာဒေးဗစ်ဒ်အတန်ဘရောက်ဖ် (BBC Earth and Ideas) တို့ မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ထူးခြားဆန်းပြားလှတဲ့ မြွေဟောက်ရဲ့ အဆိပ်ထုတ်တိုက်ခိုက်မှုကို ဗွီဒီယိုရုပ်သံထဲမှာ ရှုမြင်ရမှာပါ။ ဒီရုပ်သံထဲမှာ ဆာဒေးဗစ်အတန်ဘရောက်ဖ်က မြွေတွေဟာ သူတို့စားမယ့်သတ္တဝါကို ကိုက်သတ်နိုင်တာအပြင် မကိုက်ဘဲ တားဆီးအန္တရာယ်ပြုနိုင်တာတွေကို ရှင်းလင်းသရုပ်ပြခဲ့ပါတယ်။ ရုပ်သံထဲမှာမြင်ရမယ့် မိုဇမ်ဘစ်မြွေဟောက်အမျိုးအစားဟာ သူရှင်းပြခဲ့သလို မကိုက်ဘဲ အန္တရာယ်ဖြစ်စေနိုင်တဲ့ ထူးခြားတဲ့နည်းလမ်းကို လုပ်ဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ လုံခြုံစိတ်ချရဖို့ ဆာဒေးဗစ်ဘရောက်ဖ်က ဓာတ်တမျိုးသုတ်လိမ်းထားတဲ့ မျက်နှာအကာကို ဝတ်လိုက်ပြီး မြွေရှေ့တည့်တည့်မှာရပ်ပါတယ်။ မြွေကိုစိုက်ကြည့်ချိန်မှာ မြွေက အဆိပ်တွေကို သူ့ရဲ့မျက်နှာရှေ့တည့်တည့်ကို မှုတ်ထုတ်ပြီး တိုက်ခိုက်လိုက်တာပါ။ အဆိပ်တွေကို မှုတ်ထုတ်တိုက်ခိုက်တဲ့နေရာမှာ ချက်ကောင်းဖြစ်တဲ့ မျက်လုံးတွေရဲ့နေရာကို ရောက်အောင် မှုတ်ထုတ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။ အဲ့ဒီနောက်မှ မျက်နှာအကာမှာ သုတ်လိမ်းထားတဲ့ ဓာတ်နဲ့ မြွေဆိပ်ပေါင်းပြီး ပန်းရောင်အစက်အပြောက်တွေ ဖြစ်သွားပါတယ်။ ဆာဒေးဗစ်က ဒီပန်းရောင်အစက်အပြောက်တွေကို ရချင်တာလို့လည်း ဆိုပါတယ်။ အဲ့ဒီနောက် ဒီပန်းရောင်အစက်တွေထဲက တစက်သာ သူ့မျက်လုံးထဲဝင်ရင် မျက်လုံးကွယ်နိုင်ပြီး ဆိုးဆိုးရွားရွား နာကျင်မှုဒဏ်ကိုလည်း ခံစားရနိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒီလိုမြွေမျိုးကိုတွေ့ရင် နီးနီးကပ်ကပ်မနေမိဖို့ သတိပေးသလိုပဲလို့လည်း ဆိုပါတယ်။
5 years Ago
Up