ထိုင်းနိုင်ငံသား မီးသတ်သမားတဦးဟာ မြွေဟောက်တကောင်ကို အရှင်လတ်လတ် ဖမ်းပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ် အောက်တိုဘာ ၁၀ ရက်နေ့က မျှဝေခဲ့ပြီးချိန်မှာ ရေပန်းစားခဲ့ပါတယ်။
အဲဒီ မီးသတ်သမားရဲ့ နာမည်ကိုတော့ ဖော်ပြမထားဘဲ သူဟာ ဘန်ကောက်မြို့၊ ဘန်ကန်မီးသတ်ဌာနတခုမှ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အိမ်တအိမ်ရဲ့ ဥယျာဉ်တခုထဲမှာ မြွေဟောက်တကောင် ခွေနေတယ်လို့ သူ့ကို အကြောင်းကြားခဲ့ချိန်မှာ သွားရောက်ကူညီခဲ့တာပါ။
သူဟာ မြွေခိုနေတဲ့ ပန်းအိုးဘေးကနေ ထွက်လာအောင် ပြုလုပ်ခဲ့ပြီး အမြီးကို ဆတ်ကနဲ ဆွဲယူကာ မလှုပ်ရှားနိုင်အောင် ဖမ်းယူလိုက်တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ သူဟာ ကျင်လည်စွာပဲ မြွေကို အိတ်ထဲထည့်ကာ ဖယ်ရှားပေးခဲ့တာကို တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘန်နီတာ ပက်ချာနာ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မျှဝေထားခဲ့တာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုသူတွေက ဝေဖန်ခဲ့ကြပါတယ်။
ဒီနည်းလမ်းဟာ တကယ့်ကို ကျွမ်းကျင်သူတွေသာ လုပ်နိုင်တာမို့ လူတိုင်း လိုက်မလုပ်ကြဖို့၊ မစမ်းသပ်ကြဖို့ ပြောနေကြတာပါ။
4 years Ago