တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဘောင်ရှန်းမြို့က ရဲအရာရှိတွေဟာ မြွေမှောင်ခိုကူးမှုတခုကို စေ့စေ့စပ်စပ် မေးမြန်းစုံစမ်းအပြီး မြွေအကောင် ၄၀၀၀ နီးပါးကို သိမ်းဆည်းခဲ့ပါတယ်။
တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွဲ့လီမြို့ကနေ တောင်ပိုင်း ကွမ်တုံပြည်နယ် ဖိုရှန်းမြို့ဆီကိုလာတဲ့ ကားတစီးဟာ မြွေသေတ္တာ အတော်များများကို တင်လာခဲ့တာပါ။
အဲဒီကားဟာ ဘောင်ရှန်းမြို့ စစ်ဆေးရေးစခန်းမှာ ရဲအရာရှိတွေ ထိန်းသိမ်းထားတာ ခံခဲ့ရပါတယ်။
စစ်ဆေးအပြီးမှာ မြွေအိတ်တွေထည့်ထားတဲ့ သေတ္တာ ၁၅၈ လုံးကို ရဲတွေ ရှာတွေ့ခဲ့ပါတယ်။
မြွေပိုင်ရှင် ချန်က မြွေတွေကို ယွဲ့လီ မွေးမြူရေးစခန်းကနေ ယူလာပြီး ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုးကို လွှဲပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ချန် သယ်လာတဲ့ မြွေ ၃၉၄၀ ကောင်ထဲမှာ ၂၂၃၀ က တရုတ်အစိုးရက ကာကွယ်ထားတဲ့ မြွေဟောက်မျိုးတွေလို့ စီစီတီဗွီ သတင်းဌာနက ကြေညာပါတယ်။
ချန်ဟာ မြွေတွေသယ်ဖို့ စာရွက်စာတမ်းတွေ လုပ်ထားပေမယ့် သာမန်မြွေ အကောင်ရေ ၄၁၀ အတွက် လုပ်ခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုအရ ချန်ရဲ့ မြွေခြံဟာ မြွေဟောက်တွေအတွက် တရားဝင်ခွင့်ပြုချက် မရှိထားဘူးလို့ ဘောင်ရှန်း သစ်တောနဲ့ ပြည်သူ့လုံခြုံရေးဗျူရို ရဲအရာရှိက ပြောပါတယ်။
ချန်ကို ရဲက ဖမ်းထားပြီး သူ့မြွေတွေကို ဘောင်ရှန်း သားရိုင်းကာကွယ်ရေးဌာနဆီ လွှဲပေးထားကာ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
5 years Ago