မြွေမွေးဖွား

October 7, 2017

အိမ်မွေး မြွေမှ ဖြစ်ခဲလှသည့် ဦးခေါင်း ၂ လုံးပါ မြွေမွေးဖွား

အင်္ဂလန်နိုင်ငံ ဆောက်သ်ယော့က်ရှီးယားကောင်တီမှ အိမ်မွေးတိရစ္ဆာန် မွေးသူတဦးရဲ့ ကွန်း မြွေအမျိုးအစားကနေ ဦးခေါင်း ၂ လုံးပါ မြွေလေးတကောင် မွေးဖွားလာပါတယ်။ မြွေမွေးသူ မာတင်ဟန်တာက ပြီးခဲ့တဲ့အပတ် အလုပ်မှ အိမ်ပြန်ရောက်ချိန် အပူဖြင့် ဥဖေါက်သည့် သားဖောက်စက် (incubator) ထဲမှာ မြင်ရခဲတဲ့ ဦးခေါင်း ၂ လုံးပါ ကွန်းအမျိုးအစား မြွေပေါက်ကလေးကို တွေ့ရှိခဲ့တာပါ။ “ကျနော်ကြည့်ပြီးတော့ ဘာလဲပေါ့၊ ပထမ ကျနော်က အမြွာလို့ထင်တာ၊ နောက်မှ ခေါင်း ၂ လုံးနဲ့ ခန္ဓာကိုယ် တခုပဲ ရှိတယ်ဆိုတာကို သိရတာ” လို့ မာတင်က ပြောပါတယ်။ မြွေတွေကို သားဖောက်ပြီး အိမ်မွေးတိရစ္ဆာန်ဆိုင်တွေကို သွင်းတဲ့ မာတင်က သူ့ရဲ့မြွေမက သူ့အိမ်ဧည့်ခန်းထဲမှာ ဥ ၁၇ လုံး ဥခဲ့ပြီး ဦးခေါင်း ၂ လုံးပါ မြွေလေးက အဲ့ဒီဥတွေထဲက တကောင်ဖြစ်တယ်လို့ ပြောပါတယ်။ သားဖောက်စက်ထဲမှာ ၅၆ ရက်ကြာပြီးနောက် ခေါင်း ၂ လုံးပါ မြွေပေါက်လေးက ကျန်းမာသန်စွမ်းပြီး လုံးဝပုံမှန်အတိုင်း ရှိနေတယ်လို့ မာတင်က ပြောပါတယ်။ ဦးခေါင်း ၂ လုံးပါ မြွေက လုံးဝဖြစ်ခဲပြီး အကြိမ် ၁ သောင်း မွေးဖွားမှ ၁ ကြိမ်သာဖြစ်တတ်တယ်၊ လအနည်းငယ်သာ အသက်ရှင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခုမြွေလေးကို မာတင်က မျက်လုံးလေးလုံးလို့ အမည်ပေးထားပြီး “ဒီမြွေက ရှားပါးတဲ့အရာဖြစ်လို့ တနေရာမှာ ပြသသင့်တယ်လို့ ကျနော်ထင်တယ်” လို့ မာတင်က ပြောပြီး တိရစ္ဆာန်ရုံမှာ ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ တန်နက်ဆီးပြည်နယ်က ဦးခေါင်း ၂ လုံးပါ လင်းမြွေက အသက် ၂၀နဲ့ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှာ မွေးထားတဲ့ ဦးခေါင်း ၂ လုံးပါ တောကြီးမြွေက အသက် ၁၇ နှစ်နီးပါး အသက်ရှည်တယ်လို့ သိရပါတယ်။ ဦးခေါင်း ၂ လုံးပါ မြွေတွေမှာ ဦးနှောက် ၂ ခု ပါပြီး ခန္ဓာကိုယ် တခုတည်းရှိလို့ အစာအတွက် ဦးခေါင်း ၂ လုံးက တိုက်ခိုက်ကြရင်း သေဆုံးကြတယ်လို့ ဆိုပါတယ်။ အသက်ရှည်တဲ့ ဦးခေါင်း ၂ လုံး မြွေတွေမှာတော့ အဓိက ဦးနှောက်က အခြားဦးနှောက်ကို ဆွဲခေါ်သွားတာလို့ ကျွမ်းကျင်သူတွေက ပြောကြောင်း သည်ဆန်းသတင်းမှာ အောက်တိုဘာ ၇ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up