မြွေသားစားသောက်ဆိုင်

August 11, 2017

တရားမဝင် မြွေသားစားသောက်ဆိုင်ကို ထိုင်းရဲစီးနင်း၊ မြန်မာအပါအဝင် ၇ ဦး ဖမ်းဆီးခံရ (ရုပ်သံ)

မြွေဟောက်တွေ အပါအဝင် ရှားပါးတိရစ္ဆာန် ဟင်းလျာတွေကို တရားမဝင်ရောင်းချတဲ့ စားသောက်ဆိုင်တဆိုင်ကို ရဲတွေက စီးနင်းရှာဖွေချိန်မှာ မြန်မာအလုပ်သမား ၆ ဦး အပါအဝင် လူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဘန်ကောက်ဘစ်ဇ်နယူးစ်မှာ ဖော်ပြပါတယ်။ ဘန်ကောက်မြို့၊ ဆီရိဝရာ လမ်းမပေါ်မှာ လူအန်းတိုတိုအမည်နဲ့ ဖွင့်လှစ်ထားတဲ့ အဲဒီဆိုင်ဟာ တရုတ်စားသောက်ဆိုင်တဆိုင်ဖြစ်ပြီး ရှားပါး သားရိုင်းတိရစ္ဆာန်တွေကို ခုလို ဖမ်းဆီးရောင်းချနေခဲ့တာပါ။ အဖွဲ့ဝင်အင်အား ၂၀ ပါဝင်တဲ့ ထိုင်းနိုင်ငံ ၁၉၁ အထူးရဲတပ်ဖွဲ့ဟာ သတင်းပေးချက်အရ ဆိုင်တွင်း စီးနင်းရှာဖွေချိန်မှာ မြွေဟောက်တကောင်ကို ချက်ပြုတ်ဖို့ ပြင်ဆင်နေတာကို တွေ့ခဲ့ရပြီး စားသုံးသူ ၂ ဦးက စောင့်နေခဲ့တာကို တွေ့ခဲ့တာပါ။ ဆိုင်ရဲ့ အပေါ်ထပ်မှာတော့ ပုလင်းတွေထဲမှာ ထည့်သွင်းသိုလှောင်ထားတဲ့ မြွေအမျိုးမျိုး၊ အရေခွံခွာဖို့ ပြင်ဆင်နေတဲ့ ရှားပါး သင်းခွေချပ်တကောင် အပါအဝင် ဆိုင်ရဲ့ နောက်ဘက်မှာတော့ ကန်တွေနဲ့ သိုလှောင်ထားတဲ့ တခြား ရှားပါးသတ္တဝါ အရှင်တွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ ဒီရှားပါးမြွေတွေ အပါအဝင် တခြားသတ္တဝါတွေကို တရုတ်လူမျိုးတွေက အားဖြစ်စေတယ်၊ ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာရောက်စားသုံးလေ့ ရှိကြတယ်လို့ ဆိုပါတယ်။ ဒီဆိုင်ရဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် နာမည်ကြီးလာခဲ့ချိန်မှာ ၁၉၁ အထူးရဲတပ်ဖွဲ့က အကြီးအကဲ ဆူရာချက်တ် ဟက်ခ်ဖန်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူတွေက စီးနင်းရှာဖွေဖို့ ကြိုးစားခဲ့ကြတာပါ။ လက်ရှိမှာတော့ အသက် ၆၆ နှစ်အရွယ် ဆိုင်မန်နေဂျာ ဂျာမူးဆေရီးနဲ့ မြန်မာအလုပ်သမား ၆ ဦးကို ရဲတွေက ဝမ်ထောင်လန်ခရိုင် ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up