မြွေမနှင့်မိတ်လိုက်နိုင်ရေး စပါးအုံးမြွေထီး ၂ ကောင်၏ တိုက်ပွဲ

September 4, 2017

မြွေမနှင့်မိတ်လိုက်နိုင်ရေး စပါးအုံးမြွေထီး ၂ ကောင်၏ တိုက်ပွဲ (ရုပ်သံ)

သြစတြေးလျနိုင်ငံ နယူးစ်ဆောက်သ်ဝေးလ်စ်ပြည်နယ်က အိမ်တအိမ်ရဲ့ အိမ်ဝင်ပေါက် ဝရန်တာပေါ်မှာ စပါးအုံးမြွေထီး ၂ ကောင် တိုက်ခိုက်နေကြတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ မြွေထီးတွေ တကောင်နဲ့တကောင် ဘယ်လိုတိုက်ခိုက်ကြတယ်ဆိုတာကို ဥပမာပြချင်လို့ လိတ်က်မက်ကွေရီ မြွေဖမ်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ စက်တင်ဘာ ၁ ရက်နေ့က ဒီရုပ်သံကို တင်ခဲ့တာလို့ ဆိုပါတယ်။ ရုပ်သံထဲမှာ မြွေ ၂ ကောင်ဟာ အနိုင်ရဖို့ တကောင်နဲ့တကောင် လိမ်ပြီး လှည့်ပတ်နေတာကို အိမ်အပြင် ဝရန်တာမှာ တွေ့ရပါတယ်။ လိတ်က်မက်ကွေရီ မြွေဖမ်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို စီစဉ်လုပ်ဆောင်သူ ကိုလင်းရှိုးမာ့က်က ဒီမြွေ ၂ ကောင်က ဖြစ်နိုင်ခြေရှိမယ့် မြွေမတကောင်ကို မိတ်လိုက်နိုင်ဖို့အတွက် တကောင်နဲ့တကောင် ဒီလိုတိုက်ခိုက်နေကြတာလို့ ပြောပါတယ်။ “မြွေ ၂ ကောင်က တကောင်နဲ့တကောင် ရစ်ပတ်နေကြတယ်။ တကောင်က တခြားတကောင်ရဲ့ ဦးခေါင်းကို အောက်ကိုနှိမ့်ချလိုက်နိုင်ပြီး နိုင်အောင်တိုက်နေကြတယ်။ အနိုင်ရတဲ့ မြွေက တခြားမြွေကို အဝေးထွက်သွားခိုင်းပြီး အဲ့ဒီနေရာမှာရှိတဲ့ မြွေမတကောင်နဲ့ မိတ်လိုက်ဖို့ ခွင့်ပြုလိုက်တာ” လို့ လိတ်က်မက်ကွေရီ မြွေဖမ်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပြုလုပ်တဲ့ ကောလင်းက ဆိုပါတယ်။ ဒါမျိုးကို ပုံမှန်မြင်တွေ့ရလေ့ မရှိဘူးလို့လည်း ကောလင်းက ပြောပါတယ်။ အိမ်ပိုင်ရှင်ဖြစ်ပြီး မြွေတွေကို ရုပ်သံရိုက်ကူးခဲ့သူ ကယ်လီကော့စ်က ဒီမြွေ ၂ ကောင် တိုက်ခိုက်နေကြတယ်လို့ မထင်ကြောင်း ရုပ်သံကို မှတ်ချက်ပေးပြီး ကောလင်း မပြောခင်အထိ ဒီမြွေ ၂ ကောင် မိတ်လိုက်ကြတာလို့ပဲ ထင်နေတာလို့ ဆိုပါတယ်။ ကယ်လီကော့စ်က သူဟာ ပတ်ဝန်းကျင်မှာ မြွေတွေကို မြင်ပြီး ကြီးပြင်းလာတာလို့ သြစတြေးလျ ဒေးလီးမေးလ်သတင်းဌာနကို ပြောပါတယ်။ “ကျမတို့က နှစ်တိုင်း မြွေတွေကို မြင်ရပါတယ်။ ဒီနှစ် မြွေအကကို မြင်ရတာကတော့ တကယ့် အပိုတခု ရသလိုပဲ၊ ဒါက တကယ်ပဲ စိတ်ရွှင်မြူးစရာ စွဲဆောင်မှုရှိတယ်” လို့ သူမက ဆိုပါတယ်။ ဒီရုပ်သံကို ၂ ရက်အတွင်းမှာ ကြည့်ရှုသူပေါင်း ၁ သိန်း ၂ သောင်း ၇ ထောင်ကျော်သွားပြီး ပြန်ဝေမျှကြတာက စာမျက်နှာပေါင်း ၁၃၇၀ ကို ဖြန့်ဝေခဲ့တာလို့ ဒေလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up