မြွေမျိုးစိတ်သစ်

August 31, 2018

အမေရိကန်တွင် သစ်ပင်တက်နိုင်၊ ရေကူးနိုင်သည့် ကြောက်မက်ဖွယ် မြွေမျိုးစိတ်သစ် တွေ့ရှိ

အမေရိကန်နိုင်ငံမှာ စပါးကြီးမြွေမျိုးစိတ် နှစ်ခုကနေ ပေါင်းစပ်ပြီး ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ မြွေမျိုးစိတ်တမျိုးကို ဖလော်ရီဒါပြည်နယ်၊ အဲဗားဂလိတ်ဒ်စ်ဒေသမှာ တွေ့ရှိခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီမြွေအမျိုးအစားဟာ သစ်ပင်တက်နိုင်၊ ရေကူးနိုင်ပြီး ဘယ်လိုပတ်ဝန်းကျင် အခြေအနေမှာမဆို ကူးလူးရှင်သန်နေနိုင်တဲ့အတွက် သတိထားဖို့ လိုတယ်လို့ ဆိုပါတယ်။ အိန္ဒိယစပါးကြီးမြွေနဲ့ မြန်မာစပါးကြီးမြွေတွေရဲ့ ဒီအန်အေတွေကို ပေါင်းစပ်ပြီး မျိုးစိတ်သစ်အဖြစ် သားဖောက်နိုင်ဖို့ လေ့လာခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ သြဂုတ် ၃၀ ရက်နေ့က  ဖော်ပြပါတယ်။ လက်ရှိမှာတော့ သိပ္ပံပညာရှင်တွေက မြွေမျိုးစိတ် ၂ ခုစလုံးမှာရှိတဲ့ မျိုးဗီဇပေါင်းစုထားတဲ့ မြွေမျိုးစိတ်ကို တွေ့ခဲ့ကြတာပါ။ မြန်မာစပါးကြီးမြွေတွေဟာ ကမ္ဘာ့အကြီးဆုံး မြွေမျိုးစိတ်ထဲမှာ ပါဝင်ပြီး ပေ ၂၀ လောက်နီးပါး ရှည်လျားကြပါတယ်။ သူတို့ဟာ ဝက်တွေ၊ ဆိတ်တွေနဲ့ မိကျောင်းတွေကိုတောင် ဖမ်းယူစားသောက်နိုင်ကြပါတယ်။ အိန္ဒိယစပါးကြီးမြွေတွေကတော့ အဲဒီထက် အရွယ်ငယ်ပေမယ့် အရောင်ပိုတောက်ပပြီး တခြားသတ္တဝါတွေကို ဖမ်းယူစားသောက်တာကတော့ အတူတူပါပဲ။ သိပ္ပံပညာရှင်တွေဟာ အဲဗားဂလိတ်ဒ်စ်ဒေသမှာ ပေါင်းစပ်မျိုးစိတ်မြွေကောင်ရေ ထောင်နဲ့ချီပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ “တချို့သတ္တဝါတွေက ရာသီဥတုနဲ့ ကျက်စားတဲ့ နေရာဒေသ မတူညီရင် သေဆုံးနိုင်ပြီး တချို့ကတော့ မသေနိုင်ပါဘူး။”
3 years Ago
Up