မြွေဖမ်းသမား

January 9, 2018

မြွေဖမ်းပြပြီး ပြည်သူများ၏ စိတ်ဝင်စားမှုရရှိနေသည့် အစိုးရကောင်စီဝင် မြွေဖမ်းသမား (ရုပ်သံ)

သြစတြေးလျနိုင်ငံမှ အစိုးရကောင်စီဝင် အမျိုးသားတဦးဟာ မြွေတွေကိုဖမ်းပြပြီး ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၇ ရက်နေ့က ဖော်ပြပါတယ်။ ဂျာရော့ဒ်ဘင်ဂမ်ဟာ အရှည် ၆ ပေရှိတဲ့ အရှေ့တိုင်း မြွေညိုကြီးတကောင်ကို ဖမ်းယူပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် နောက်ဆုံးထွက်လာခဲ့ပြီးနောက်မှာတော့ ပိုပြီး နာမည်ကြီးလာခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘင်ဂမ်ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက တွားသွားသတ္တဝါ ပြန်လည်နေရာချထားရေးအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဒေသတွင်း နေအိမ်တွေထဲမှ မြွေတွေကို ဖမ်းယူထိန်းသိမ်းရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ မဲလ်ဘုန်းမြို့ နေအိမ်တအိမ်တွင်းမှ မြွေကြီးကို ဖမ်းပေးခဲ့ပြီး ဒါဟာ သက်တမ်းတလျှောက် အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမြွေကြီးကို အိမ်နီးနားချင်းတွေက ခြံစည်းရိုးအနီး လျှောတိုက်သွားနေတာကို တွေ့ခဲ့ကြပြီးနောက် အကြောင်းကြားခဲ့တာဖြစ်ပြီး မြွေကြီးဟာ ပျောက်ဆုံးနေခဲ့တာပါ။ နောက်ဆုံးမှာတော့ သူ့ကို ရေမီတာပုံးအောက်မှာ တွေ့ရှိခဲ့ပြီး ၃ ကြိမ်တိုင်တိုင် ဖမ်းနိုင်ဖို့ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဘင်ဂမ်က မြွေကြီးကို အောင်အောင်မြင်မြင်နဲ့ ဖမ်းဆီးနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အညိုရောင် အရှေ့တိုင်းမြွေတွေဟာ ဒုတိယအဆိပ်အပြင်းဆုံး တွားသွားသတ္တဝါ အမျိုးအစားတွေထဲမှာ ပါဝင်ပြီး သြစတြေးလျနိုင်ငံမှာတော့ ဒီမြွေကိုက်မှုကြောင့် သေဆုံးနိုင်ခြေဟာ ၆၀ ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး “မွန်းစတားတကောင်ကို ဖမ်းမိခြင်း။ သံတိုင်နောက်မှာ ဖမ်းခံရမယ်။ တကယ့်မြွေပဲ” လို့ ရေးသားဖော်ပြခဲ့တာပါ။ လက်ရှိမှာတော့ ပရိသတ်တွေ အားပေးနေကြတဲ့ သူဟာ လာမယ့်နှစ်ကုန်မှာ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရနိုင်ဖို့ ခြေဦးလှည့်နေပြီး လွှတ်တော်ပါလီမန် အဆောက်အအုံထဲမှာပါ မြွေဖမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
3 years Ago
Up