ကြောင်ကို အဆိပ်ရှိကင်းမြီးကောက်နှင့်

June 10, 2017

ကြောင်ကို အဆိပ်ရှိကင်းမြီးကောက်နှင့် ကစားခိုင်းသူအား အရေးယူပေးရန် တိုင်ကြား (ရုပ်သံ)

ကြောင်ကို အမျိုးမျိုးနှိပ်စက်ကစားပြီး ယူကျူ့ပေါ်တင်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် အမေရိကန်နိုင်သား လူငယ်တဦးကို  ဥပဒေအရအရေးယူပေးဖို့  ထိုင်းတိရစ္ဆာန်ချစ်သူများအဖွဲ့က ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပါတယ်။ My Mate Nate ဆိုတဲ့အမည်နဲ့  ယူကျူ့ပေါ်တင်ထားတဲ့ ဗွီဒီယိုကလစ်တွေမှာ ကြောင်နှစ်ကောင်ကို အဆိပ်ရှိ ကင်းမြီးကောက်တကောင်နဲ့ ကစားခိုင်းနေတာ၊  ကြောင်ကို မိုးပျံပူဖောင်းတွေနဲ့ ချီပြီး အမြင့်ကို လွှတ်တင်ပြတာတွေဟာ တိရစ္ဆာန်ကို ညှဉ်းပန်းနှိပ်စက်ရာရောက်တဲ့အတွက် သူ့ကို တရားဥပဒေအရ အရေးယူပေးဖို့  ထိုင်းတိရစ္ဆာန်ချစ်သူများအဖွဲ့က ဇွန် ၉ ရက်နေ့ ညနေပိုင်းက ဘန်ကောက် ဟွေ့ခွမ်နယ်မြေရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပါတယ်။ ယူကျူ့ပိုင်ရှင်က သူ့အနေနဲ့ ကြောင်ကို စမ်းသပ်တာလို့ ပြောဆိုပေမယ့် ကြောင်ကို စမ်းသပ်မယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်လိုအပ်ကြောင်း၊ My Mate Nate ရဲ့ လုပ်ဆောင်ချက်ဟာ စမ်းသပ်မှုထက် သူတို့ ပျော်ရွှင်ရယ်မောဖို့ တိရစ္ဆာန်ကို အသုံးချတာ ဖြစ်ကြောင်း၊ ကင်းမြီးကောက်ဟာ အဆိပ်ရှိသတ္တ၀ါမို့ ကြောင်ကို အန္တရာယ်ဖြစ်စေတဲ့အပြင် အထဲမှာ ဂက်စ်တွေထည့်ထားတဲ့ မိုးပျံပူဘောင်းပေါက်ကွဲတဲ့အခါ ကြောင်ကို အထိတ်တလန့် အနာတရဖြစ်စေတာကြောင့် သူတို့အနေနဲ့ ဒါကို လက်မခံနိုင်ဘူးလို့ တိရစ္ဆာန်ချစ်သူအဖွဲ့မှ ခွန်နတ်ဆိုသူက သတင်းထောက်တွေကို ပြောပါတယ်။ ရဲစခန်းက ယူကျူ့အကောင့်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးသွားမယ့်အကြောင်း၊ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုမြောက်တယ်ဆိုရင် ထိုင်းနိုင်ငံ တိရစ္ဆာန်ကာကွယ်ရေး ဥပဒေပုဒ်မ  ၂၀ အရ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၄ သောင်းထိ ကျခံနိုင်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။
4 years Ago
Up