ကြောက်လန့်ရမှန်းမသိ တောကြီးမြွေဟောက်နှင့်မှ ဆော့ကစားသည့် ကလေးငယ်

April 19, 2017

ကြောက်လန့်ရမှန်းမသိ တောကြီးမြွေဟောက်နှင့်မှ ဆော့ကစားသည့် ကလေးငယ် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ကလေးငယ်လေးတဦးဟာ တောကြီးမြွေဟောက်နဲ့ ဆော့ကစားနေတဲ့ ရုပ်သံဖိုင် ရေပန်းစားနေပါတယ်။ ကလေးက မြွေအမြီးကို အကြိမ်ကြိမ်ဆွဲလိုက်၊ ပြန်ချလိုက်၊ မြွေက အထိတ်တလန့်နဲ့ ကလေးလက်က အတင်းရုန်းထွက်လိုက် ဖြစ်နေပြီး ကလေးကို မြွေက ပြန်ရန်ပြုမလားလို့ ကြည့်နေရတာက စိတ်လှုပ်ရှားစရာပါ။ ကလေးက တောကြီးမြွေဟောက်ဆိုတာ အင်မတန်အဆိပ်ပြင်းတဲ့၊ တခြားသတ္တဝါတွေကို သေစေနိုင်တဲ့ အန္တရာယ်ရှိ သတ္တဝါဆိုတာ မသိပါဘူး။ ဒါကြောင့်လည်း မြွေကို သူ့ရဲ့ ကစားစရာ အရုပ်တခုလို သဘောထားပြီး အကြောက်အလန့်ကင်းကင်း ဆော့ကစားနေတာပါ။ ရုပ်သံထဲမှာ ကလေးက မြွေကို အမြီးကနေဆွဲပြီး လွှတ်ချလိုက်ပါတယ်။ အဲ့ဒီနောက် သူ့လမ်းသူသွားနေတဲ့ မြွေကို ကလေးက ထပ်ပြီး အမြီးကနေ အားနဲ့ အတင်းဆွဲလိုက်ပါတယ်။ မြွေကလည်း ကလေးလက်က လွတ်မြောက်အောင် အထိတ်တလန့် ရုန်းထွက်နေရပြီး ကလေးလေးက မြွေအမြီးကို လွှတ်ချလိုက်မှပဲ မြွေက သူ့လမ်းကို ဆက်သွားနိုင်တာကို မြင်ကြရမှာပါ။ အံ့သြစရာကောင်းတာက မြွေက ကလေးကို ပြန်လည် ရန်မပြုတာပါ။ ဒီရုပ်သံကို ဧပြီ ၁၈ ရက်နေ့က ယူကျု အင်တာနက်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပြီး မှတ်ချက်ပေးသူတဦးက “ဘယ်သူ့ကို အရင်ခေါ်ရမလဲ၊ တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ကိုလား၊ ကလေးဝန်ဆောင်မှုလုပ်ငန်းကိုလား” လို့ ဟာသနှောပြီး ရေးထားပါတယ်။
4 years Ago
Up