ကြောက်မက်ဖွယ် အရုပ်များ ချိတ်ဆွဲထားသည့် ကျွန်း (ရုပ်သံ)

September 9, 2015

ကြောက်မက်ဖွယ် အရုပ်များ ချိတ်ဆွဲထားသည့် ကျွန်း (ရုပ်သံ)

မက္ကဆီကို မြို့တော်တောင်ပိုင်းက ဇိုချီမီကို တူးမြောင်းအတိုင်း ၂ နာရီလောက် ခရီးဆက်လိုက်ရင် ကြောက်မက်ဖွယ် အရုပ်တွေ ချိတ်ဆွဲထားတဲ့ သစ်ပင်တွေရှိတဲ့တောထဲကို ရောက်ပါလိမ့်မယ်။ နှစ်စဉ်နှစ်တိုင်းပဲ ဒေသအခေါ် ချနမ်းပါလို့ အမည်တွင်တဲ့ အဲဒီနေရာကို ထိတ်လန့် ကြောက်ရွံ့စရာ ရှာဖွေသူ ခရီးသွားတွေ၊ ဓာတ်ပုံဆရာတွေ ရာနဲ့ချီပြီး သွားရောက်ကြလေ့ ရှိတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က မိန်းကလေးငယ်တဦးဟာ အဲဒီတူးမြောင်းထဲမှာ သေဆုံးခဲ့တာကို ဒွန်ဂျူလီယန်ဆန်တနာဆိုသူ အမျိုးသားက တွေ့ရှိခဲ့ပြီး သူဟာ ခြောက်လှန့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ရေထဲမျောပါလာတဲ့ အရုပ်တရုပ်ကို တွေ့ခဲ့ပြီး သူက အဲဒီအရုပ်ကို မိန်းကလေးအတွက် အဖော်ပြုကာကွယ်ပေးနိုင်ဖို့ သစ်ပင်ပေါ်မှာ ချိတ်ဆွဲခဲ့တာလို့ သတင်းက ဆိုပါတယ်။ ဒါပေမယ့် ဆန်တနာဟာ အဲဒီအရုပ် တရုပ်တည်းနဲ့ မလုံလောက်သေးဘူးလို့ ယူဆ တဲ့အတွက် တူးမြောင်းတလျှောက်တွေ့ရတဲ့ အရုပ်တွေကို ရနိုင်သမျှရှာဖွေပြီး ကျွန်းပေါ်က အပင်တွေပေါ်မှာ ချိတ်ဆွဲခဲ့တာပါ။ အဲဒီအရုပ်တွေကို ရေထဲကဆယ်ယူပြီး ဒါဟာ ပြန်လည်ရှင်သန်လာမယ့် ကလေး တွေလို့ ယူဆနေတာကြောင့် ရူးသွားပြီလို့ ဆန်တနာကို တချို့ကပြောကြပေမယ့် ခုချိန်မှာ အဲဒီကျွန်းဟာ ခရီးသွားတွေ ဆွဲဆောင်တဲ့နေရာတခု ဖြစ်နေပါတယ်။ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သူ့ရဲ့ မိသားစုဝင်တွေကတော့ ဆန်တနာအနေနဲ့ အဲဒီကျွန်းမှာ သေဆုံးသွားတဲ့ မိန်းကလေး ရဲ့ဝိညာဉ်ဟာ ရှိနေပြီး ခြောက်လှန့်နေကြောင်း ယုံကြည်ခဲ့တယ်လို့ ဆိုပါတယ်။ ဆန်တနာဟာ အဲဒီအချိန်တလျှောက်လုံး တောထဲမှာနေထိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ သူတွေ့ရှိခဲ့တဲ့ မိန်းကလေးအတိုင်း အဲဒီတူးမြောင်းထဲမှာ ရေနစ်သေဆုံးနေတာကို သူ့ရဲ့တူဖြစ်သူက တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဆန်တနာရှိစဉ်က ရိုးစင်းစွာရှိနေခဲ့တဲ့ အဲဒီကျွန်းဟာ ခုချိန်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတခု ဖြစ်လာခဲ့ပါပြီ။
6 years Ago
Up