ကြောက်မက်ဖွယ် ကျားသစ်နှင့် လက်ချည်းဗလာ ထိုးသတ်ခဲ့ရသည့် အဖိုးအို

December 15, 2017

ကြောက်မက်ဖွယ် ကျားသစ်နှင့် လက်ချည်းဗလာ ထိုးသတ်ခဲ့ရသည့် အဖိုးအို (ရုပ်သံ)

ကြောက်မက်ဖွယ် ကျားသစ်တကောင်နဲ့ ထင်မှတ်မထားဘဲ ထိပ်တိုက်တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ တကယ့်ကို သွေးပျက်စရာပါပဲ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှ အသက် ၆၀ အရွယ် အဖိုးအိုတဦးကတော့ ကျားသစ်ကို လက်ချည်းသက်သက်နဲ့ ရင်ဆိုင်သတ်ပုတ်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ်ထဲမှ ခိုင်ရီကျေးရွာတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီကျားသစ်ဟာ ကျေးရွာတွင်း ဝင်ရောက်လာခဲ့ချိန်မှာ တခြားလူ ၂ ဦးလောက်ကိုလည်း တိုက်ခိုက်ခဲ့ပြီးနောက်မှာ အဖိုးအိုနဲ့ ရင်ဆိုင်တိုးခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဖိုးအိုဟာ ကျားသစ်နဲ့ လုံးထွေးသတ်ပုတ်နေကြချိန်မှာ လူတွေက ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ကြရပြီး နောက်ဆုံးမှာမှ ကျားသစ်ကို ခြောက်လှန့်မောင်းထုတ်ခဲ့လို့ အသက်ချမ်းသာရာ ရခဲ့တာပါ။ ကျားသစ်ဟာ ကျေးရွာအနီး ကြံစိုက်ခင်းတခုကနေ ရွာဆီချဉ်းကပ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ အဖိုးအိုကို မတိုက်ခိုက်ခင်မှာ ကျားသစ်ဟာ အိမ်နီးချင်းတဦးနဲ့ အိမ်တအိမ်ရှေ့မှာ နေပူဆာလှုံနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးကို တိုက်ခိုက်ခဲ့သေးတယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောပါတယ်။ ရွာသားတွေဟာ ကျားသစ်နောက်ကို လိုက်ခဲ့ကြပေမယ့် ခြေရာမခံနိုင်ခဲ့ဘဲ ကြံစိုက်ခင်းအတွင်း ပြေးဝင် ပျောက်ကွယ်သွားခဲ့တာပါ။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးကို ဆေးရုံပို့ဆောင်ထားခဲ့ရပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up