အရှေ့တောင်အာရှက နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်မှောင်ခိုရာဇာ ဝေရှောက်ခမ်ဟာ မြန်မာ့ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ အဓိက သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်နေတယ်လို့ ယူကေအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်တဲ့ ကျောက်စိမ်းဘုရင်အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဝေရှောက်ခမ်ဟာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူး ကုမ္ပဏီတွေ အတော်များများကို ချုပ်ကိုင်ထားသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယခင်စစ်အာဏာရှင်အစိုးရက ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့နဲ့ အပစ်ရပ်စဲပြီးနောက် ဝေရှောက်ခမ်ရဲ့ ကုမ္ပဏီတွေကို ကျောက်စိမ်းတူးဖော်ရေးလိုင်စင်တွေ ချပေးခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်ဒေသမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ မြေစာပုံပြိုကျမှုဟာ ဝေရှောက်ခမ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတခုက စွန့်ပစ်ထားတဲ့ မြေစာပုံ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။
ဝေရှောက်ခမ်ကို ဖမ်းဆီးဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်း ဆုငွေထုတ်ထားတာဖြစ်ပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ဝေရှောက်ခမ်ရဲ့ ကျောက်စိမ်းစီးပွားရေးတွေကိုလည်း ပိတ်ဆို့ဒဏ်ခတ်ထားတာပါ။
Global Witness အဖွဲ့ရဲ့ သုတေသီ ဂျူမန်ကူဘာကတော့ မြန်မာအစိုးရသစ်နဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ မြန်မာ့ကျောက်စိမ်းစီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရေးအတွက် လမ်းပြမြေပုံ အစီအစဉ်တခုကို အမြန်ဆုံး ထိုင်ဆွေးနွေး လုပ်ဆောင်သင့်တယ်လို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
Global Witness အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း ကျောက်စိမ်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီအစီရင်ခံစာမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တခြား နာမည်ဆိုးနဲ့ ကျော်ကြားသူတွေရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ အဖိုးအတန်ဆုံး သဘာဝအရင်းအမြစ်နဲ့ ကျောက်မျက်ရတနာတွေကို စိတ်ကြိုက်ရွေးယူပြီး ကိုယ်ကျိုးအတွက် အကျိုးအမြတ် ထုတ်နေတယ်လို့ စွပ်စွဲပါတယ်။
ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းကတော့ ဒီအစီရင်ခံစာပါ အချက်အလက်တွေ မဟုတ်မှန်ကြောင် ငြင်းဆိုထားပါတယ်။
7 years Ago