ဝေဖန်မှုမြင့်တက်

April 8, 2018

ဆရာက ကျောင်းသားတဦးကို ပါး ၈ ချက်ရိုက်သည့်ရုပ်သံထွက်ပေါ်၊ ဝေဖန်မှုမြင့်တက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်းဂျွမ်းမြို့ရှိ ကွီအန် အလယ်တန်းကျောင်းမှာ ဆယ်ကျော်သက် ကျောင်းသားတယောက် အမှားလုပ်မိလို့ အတန်းထဲမှာ ဆရာက ပါး ၈ ကြိမ် ရိုက်နှက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်လာပြီး ၀ိုင်းဝန်းဝေဖန်နေကြပါတယ်။ ကျောင်းသားကို အတန်းထဲမှာ ဆရာနဲ့မျက်နှာချင်း မတ်တပ်ရပ်ခိုင်းပြီး ပါးရိုက်တာကို အတန်းဖော် ကျောင်းသားတွေက တိတ်တဆိတ် ရုပ်သံရိုက်ကူးခဲ့တာပါ။ ကျောင်းသားတွေက ဆရာမိသွားခဲ့ရင် သူတို့လည်း အပြစ်ပေးခံရမှာစိုးလို့ ၁၅ စက္ကန့်စာပဲ ရုပ်သံရိုက်ကူးနိုင်ခဲ့ပါတယ်။ ကျောင်းသားကို ဆရာ ရိုက်နှက်နေတာ ဘယ်လောက်ကြာလဲဆိုတာနဲ့ ဘာကြောင့် ဆရာ အရမ်းစိတ်ဆိုးသွားတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒီရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ပြီးတဲ့နောက် ကြည့်ရှု့သူ ၁ သန်းကျော်ခဲ့ပြီး အခုလို ရိုက်နှက်ဆုံးမတဲ့အတွက် ၀ိုင်းဝန်းဝေဖန်နေကြတာပါ။ ကျောင်းသား ဘာအမှားလုပ်ခဲ့တယ်ဆိုတာကို မျက်မြင်တွေက မပြောပေမယ့် ဆရာက အခြားကျောင်းသားတွေ ကြည့်နေတဲ့ စာသင်ခန်း တခန်းလုံးရဲ့ ရှေ့မှာ ကျောင်းသားရဲ့ မျက်နှာကို အကြိမ်ကြိမ် ရိုက်ခဲ့တာပါ။ ရုပ်သံထဲမှာ ဆရာက တချက်ရိုက်ပြီးတိုင်း နားလည်လားလို့ မေးသလို ကျောင်းသားက ဟုတ်ကဲ့လို့ ပြန်ဖြေပေမယ့် ရိုက်နှက်မှုကို ဘာမှတော့ မတုံ့ပြန်ခဲ့ပါဘူး။ ဒီအခင်းဖြစ်မှုကို ရဲတွေက စုံစမ်းမှု လုပ်မလုပ်ဆိုတာလည်း တိတိကျကျ မသိရသေးဘူးလို့ မေရာသတင်းမှာ ဧပြီလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago

March 19, 2018

ပိုက်ဆံခိုးသည့် ကလေး ၂ ဦးကို သစ်ပင်မှာချည်ပြီး အပြစ်ပေးမှု ဝေဖန်မှုမြင့်တက်

  ထိုင်းနိုင်ငံမှာ ပိုက်ဆံခိုးတဲ့ ကလေးငယ် ၂ ဦးကို သစ်ပင်မှာ ကြိုးနဲ့တုပ်နှောင်ပြီး အပြစ်ပေးနေတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ချွန်ဘူရီခရိုင်၊ ၀ပ်သွန်းဟီအန် အမည်ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတကျောင်းထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ အဆိုပါ ကလေး ၂ ဦးဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဖြစ်ကြပြီး ထိုင်း ဘတ်ငွေ ၂၀၀ ခိုးယူခဲ့တဲ့အတွက် ခုလို ဒဏ်ပေးခံခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် ထိုင်းလူမှုကွန်ရက်မီဒီယာတွေပေါ်မှာတော့ ခုလိုငွေပမာဏနဲ့ လူကြား သူကြား ဒီပုံစံနဲ့ အပြစ်ပေးတာဟာ သင့်တော်ရဲ့လားဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ ဒီပုံတွေကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတခုဖြစ်တဲ့ မမ်ဖိုဒမ်(Mem Pho Dam) မှာ ဖော်ပြထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးတွေကို ဒီအမှားကနေ သင်ယူနိုင်ဖို့ သင်ခန်းစာပေးရမယ့်အစား ဒီလိုပြစ်ဒဏ်ပေးတာကို ဝေဖန်မှတ်ချက်တွေ အမျိုးမျိုးပေးနေတာကိုလည်း တွေ့ရပါတယ်။
3 years Ago
Up