မြေကြီးထဲမမြှုပ်ဘဲ ခန္ဓာကိုယ် တာရှည်ခံအောင်ဆေးစိမ်ပေးရန် တရားရုံးတွင် လျှောက်ထားမှု အနိုင်ရ

A d v e r t i s e m e n t With Us

November 19, 2016

မြေကြီးထဲမမြှုပ်ဘဲ ခန္ဓာကိုယ် တာရှည်ခံအောင်ဆေးစိမ်ပေးရန် တရားရုံးတွင် လျှောက်ထားမှု အနိုင်ရ

အင်္ဂလန်နိုင်ငံမှ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးဟာ မသေဆုံးမီက သူမခန္ဓာကိုယ်ကို ပုတ်သိုးပျက်စီးခြင်းမရှိပဲ တာရှည်ခံအောင် ဆေးစိမ်ဖို့ တရားရုံးမှာ လျှောက်ထားခဲ့တဲ့အမှု အနိုင်ရရှိသွားပါတယ်။ အသက် ၁၄ နှစ်အရွယ် အင်္ဂလန်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးဟာ ကင်ဆာရောဂါ တစ်မျိုးကို ခံစားခဲ့ရပါတယ်။ အနာဂတ်မှာ သူမရဲ့ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက်နဲ့ သေဆုံးပြီးနောက် သူမခန္ဓာကိုယ်ကို ပုတ်သိုးပျက်စီးခြင်းမရှိပဲ တာရှည်ခံအောင် ဆေးစိမ်ရန်အတွက် တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ခုတော့ အဲ့ဒီအမှုဟာ သူမ မသေဆုံးခင်လေးမှာပဲ တရားရုံးသမိုင်းမှာ ပထမဦးဆုံး အနိုင်ရတဲ့ အမှုတစ်ခု ဖြစ်ခဲ့ကြောင်း ဘီဘီစီရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဖြစ်ခဲလှတဲ့ ကင်ဆာရောဂါနဲ့ သေလုနီးပါးဖြစ်နေတဲ့ မိန်းခလေးရဲ့ ဆန္ဒဖြစ်သော ခန္ဓာကိုယ်ကို အေးခဲအောင်လုပ်ပြီး မပုတ်သိုး မပျက်စီး တာရှည်ခံအောင် စီမံချင်တာကို သူမရဲ့ မိခင်က သဘောတူခဲ့ပေမယ့် သူမရဲ့ဖခင်ကတော့ သဘောမတူဘူးလို့ သိရပါတယ်။ ဒီလို သေဆုံးတဲ့ ခန္ဓာကိုယ်ကို အေးခဲပြီး မပျက်စီးတာရှည်ခံအောင် ဆေးစိမ်တာက အမေရိကန်နိုင်ငံနဲ့ ရုရှနိုင်ငံတွေမှာပဲ ရှိပြီး အင်္ဂလန်မှာ မရှိတာကြောင့် အောက်တိုဘာလမှာ သေဆုံးခဲ့တဲ့ မိန်းကလေးရဲ့ အလောင်းကို အမေရိကန်နိုင်ငံကို သယ်ဆောင်သွားပြီး အဲ့ဒီမှာပဲ အေးခဲဆေးစိမ်ပြီး မပုတ်သိုးမပျက်စီးပဲ တာရှည်ခံအောင် လုပ်ထားမယ်လို့ သိရပါတယ်။ တရားသူကြီးကတော့ သေဆုံးတဲ့ မိန်းကလေးရဲ့ အလောင်းကို သူမရဲ့အမေကပဲ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ခွင့်ပြုသင့်တယ်လို့လည်း ပြောပါတယ်။ သူမက တရားသူကြီးကို ရေးသားတဲ့စာထဲမှာ “ကျမ ဒီလို ပုံမှန်မဟုတ်တဲ့ကိစ္စကို ဘာကြောင့် လုပ်ချင်သလဲဆိုတာကို ရှင်းပြပါမယ်။ ကျမက အသက် ၁၄ နှစ်ပဲရှိပါသေးတယ်။ ကျမ မသေချင်သေးပါဘူး။ ဒါပေမယ့် ကျမသေတော့မယ်ဆိုတာ သိပါတယ်။ ဒီလို ကျမရဲ့သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို အေးခဲမပျက်စီးအောင် လုပ်ထားတာက တစ်ချိန်မှာ နောက် နှစ် ၁၀၀ လောက်ဖြစ်ရင်တောင် ကျမကို ပြန်နိုးအောင်လုပ်ပြီး ကျမရဲ့ ရောဂါကို ကုနိုင်ဖို့ အခွင့်အရေးရမယ်လို့ ထင်ပါတယ်။ ကျမခန္ဓာကိုယ်ကို မြေကြီးအောက်မှာ မြှုပ်နှံတာကိုလည်း မကြိုက်ပါဘူး၊ ကျမအကြာကြီး နေချင်သေးတယ်၊ ကျမအထင် တစ်ချိန်ချိန်မှာ ကျမရဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုနိုင်မဲ့ဆေးဝါး သူတို့တွေ ရှာနိုင်ပြီး ကျမကို နိုးထအောင်လုပ်နိုင်မယ်၊ ကျမ ဒီအခွင့်အရေး လိုချင်တယ်၊ ဒါက ကျမရဲ့ဆန္ဒပဲ” ဆိုပြီး ရှင်းလင်းဖော်ပြခဲ့ပါတယ်။ တရားသူကြီး မစ္စတာဂျက်စတစ်စ်ပီတာဂျက်ဆင်က မိန်းကလေး ဆေးရုံတက်နေစဉ် သွားရောက်ခဲ့ကြောင်း၊ သူမရဲ့အခက်အခဲကို ရင်ဆိုင်နေတဲ့ ရဲရင့်တဲ့စိတ်က သူ့ကိုစိတ်လှုပ်ရှားစေတယ် တိုက်တွန်း စေ့ဆော်ပေးတယ်လို့လည်း ပြောပါတယ်။ ဒီအမှုဟာ စက်တင်ဘာ ၂၆ ရက်နေ့မှာ တရားရုံးကို ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ တရားသူကြီးက အဆုံးအဖြတ်ပေးခဲ့တာပါ။ အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အင်္ဂလန်နိုင်မှာ နေထိုင်တဲ့ မိန်းကလေးဟာ သူမ မသေဆုံးခင် နောက်ဆုံးလမှာပဲ ခန္ဓာကိုယ်ကို အေးခဲအောင်လုပ်ပြီး မပျက်စီးပဲ တာရှည်ခံအောင်လုပ်တဲ့နည်းကို အင်တာနက်မှာ ရှာဖွေခဲ့တာပါ။
4 years Ago
Up