မြေမြှုပ်မိုင်း

A d v e r t i s e m e n t With Us

April 6, 2019

“မြေမြှုပ်မိုင်းကြောင့် အရှုံးမပေးပါ၊ မျှော်လင့်ချက်နှင့် တွန်းလှန်ပါ’’ ဓာတ်ပုံပြပွဲ

မြေမြှုပ်မိုင်းဒဏ်သင့်ပြီး အခက်အခဲတွေကို ကျော်လွှားခဲ့သူတွေရဲ့ ဘ၀အား ရိုက်ကူးပြသထားတဲ့ ဓာတ်ပုံပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ မြန်မာ့ကြက်ခြေနီအသင်း (MRCS) တို့ ပူးပေါင်းပြီး  “မြေမြှုပ်မိုင်းကြောင့် အရှုံးမပေးပါ၊ မျှော်လင့်ချက်နှင့် တွန်းလှန်ပါ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးနေ့ အထိမ်းအမှတ်အဖြစ် မြေမြှုပ်မိုင်းဒဏ်သင့်ကာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခဲ့သူတို့ရဲ့ ဓာတ်ပုံပြပွဲကို ဧပြီ ၅ ရက်ကနေ ၁၂ ရက်နေ့အထိ စီတာပူ မနောကွင်းမှာ ပြသနေတာပါ။ အဆိုပါ ဓာတ်ပုံပြပွဲမှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ကချင်ပြည်နယ်ရှိ ပြည်သူ ၇ ဦးရဲ့ ဘ၀ဇာတ်ကြောင်းတွေကို ICRC ပြန်ကြားရေးတာဝန်ခံ ဒေါ်လှယမင်းအိမ် ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၅၂ ပုံကို ပြသထားပါတယ်။ အခုလို ဓာတ်ပုံပြပွဲပြုလုပ်ရတာဟာ မြေမြှုပ်မိုင်းရဲ့ အကျိုးဆက်တွေကို မြေမြှုပ်မိုင်းကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘ၀ဇာတ်ကြောင်းကို အသိပေးနှိုးဆော်ပြီး မြန်မာနိင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရာတွေကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြုလုပ်တာလို့ ICRC မြစ်ကြီးနားရုံးခွဲ တာဝန်ခံ Mr.Zi-Su Kim က ပြောပါတယ်။ မြန်မာနိင်ငံလုံးအတိုင်းအတာနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း လူ ၁၇၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး၊ ၂၀၁၈ ခုနှစ်မှာ ထိခိုက်မှု ၂၈၀ လောက် ရှိတယ်လို့ မြန်မာနိင်ငံ မိုင်းအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သိရပါတယ်။ ဓာတ်ပုံပြပွဲမှာ ပြသထားတဲ့ မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ မအေးအေးဝင်းက “တခြားအရပ်သားတွေ ဒီလိုမျိုး ထိခိုက်မှာ စိုးရိမ်တယ်၊ ကျမဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး’’ လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာ တနိင်းနဲ့ ဖားကန့် ဒေသတွေဟာ မြေမြှုပ်မိုင်းဒဏ်ခံစားရမှု အများဆုံးနေရာဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်မှာလည်း ထိခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ မြင့်တက်လာနေတယ်လို့ Mr.Zi-Su Kim က ပြောပါတယ်။ မြန်မာနိင်ငံမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အနေနဲ့ ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က မြေမြှုပ်မိုင်းဒဏ်ခံစားနေရတဲ့ နေရာဒေသတွေမှာ ဘေးကင်းစေရေး အလေ့အထတွေ ပိုမိုသိရှိလာစေဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2 years Ago

October 28, 2018

ကျောက်ကြီးတွင် နိုင်ငံတကာမြေမြှုပ်မိုင်း ရှင်းလင်းခြင်း သရုပ်ပြပွဲပြုလုပ်

မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲနဲ့ နိုင်ငံတကာမြေမြှုပ်မိုင်းရှင်းလင်းခြင်း သရုပ်ပြပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ အောက်မေ့ဘွယ်ခန်းမမှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မိုင်းဆိုင်ရာ လှုပ်ရှားမှုရှေ့ဆောင်အဖွဲ့ (HMAI) ၏ စီစဉ်မှုနဲ့ Norwegian People's Aid, World Education နဲ့ ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေးဖောင်းဒေးရှင်း (PMA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ "ဒီကိုလာရတာကတော့ မြန်မာနိုင်ငံမှာ မိုင်းဒဏ်သင့်တဲ့ ဒေသက ၉ ခုရှိတယ်။ အဲထဲမှာ ကျောက်ကြီးမြို့နယ်က မိုင်းဒဏ်သင့်ဖြစ်စဉ်တွေ အများဆုံးဖြစ်ခဲ့တဲ့ နေရာပါ။ မိုင်းဟောင်းတွေကလည်း ရှင်းလင်းခြင်း မပြုရသေးဘူး၊ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရတာတော့ နည်းသွားပြီ၊ ဒါကြောင့် ဒီဒေသမှာနေတဲ့သူတွေ မိုင်းကြောင့် အန္တရာယ်မဖြစ်အောင် ကြိုတင်အသိ ပညာပေး လုပ်ဆောင်တာပါ" လို့ PMA ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင် (အငြိမ်စား) က ပြောပါတယ်။ အခုလို မိုင်းနဲ့ ပတ်သက်ပြိး အသိပညာပေးခြင်းနဲ့ မိုင်းရှင်းလင်းရေး သရုပ်ပြ ပြုလုပ်တာဟာ ဒေသအတွက် များစွာအကျိုးရှိကြောင်း၊ အရင်က တောင်ပေါ်သွားလာရာမှာ မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ မိုင်းဒဏ်သင့်ပြည်သူတဦးက ပြောပါတယ်။ အခမ်းအနားကို ကျောက်ကြီးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲအစည်းတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံမိုင်းဒဏ်ခံရပြည်သူတွေ ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
2 years Ago
Up