မြေအောက်ရထား

April 4, 2018

ဂျာမနီတွင် မြေအောက်ရထား ၂ စီး တိုက်မိ၊ လူ ၃၃ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံအနောက်ပိုင်း၊ ဒူးစ်ဘာ့ဂ်မြို့မှာ ဧပြီ ၃ ရက်နေ့က မြေအောက်ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၃၃ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဒေသန္တရ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ရထားတိုက်မှုဟာ ရိုဟုမြစ်အောက်ဘက် မြေအောက်ရထားလိုင်းမှာ ဖြစ်ခဲ့တာပါ။ ဒဏ်ရာရသူတွေကို မီးသတ်ကားတွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေအပြင် ရဟတ်ယာဉ်ကိုပါ သုံးပြီး ကုသကယ်ဆယ်ရေး လုပ်နေပါတယ်။ ဘာ့ကြောင့် ရထားနှစ်စီး အခုလို ခေါင်းချင်းဆိုင် ဝင်တိုက်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းနေပြီလို့ ဒေသန္တရ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဂျာမနီပို့ဆောင်ရေးအဖွဲ့ ပြောခွင့်ရသူကတော့ လူစီးများချိန် ယာဉ်လမ်းကြောင်း မကြပ်အောင်နဲ့ ခရီးသည်တွေကို ခရီးဆက်နိုင်အောင် ဘတ်စ်ကားတွေ ပို့ထားတယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

September 15, 2017

လန်ဒန် မြေအောက်ရထားဘူတာရုံတွင် ဗုံးကွဲ၊ လူ ၂၀ ထိခိုက်ဒဏ်ရာရ (ရုပ်သံ)

လန်ဒန်မြို့အနောက်ပိုင်း၊ ပါဆန်စ်ဂရင်း မြေအောက်ရထားဘူတာရုံအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူပေါင်း ၂၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် သည်ဆန်းသတင်းမှာ ဖော်ပြပါတယ်။ ရထားတွဲတွင်းကို မီးလောင်လက်ဗစ်ဗုံး ပစ်သွင်းခံခဲ့ရတာဖြစ်ပြီး ခရီးသည်တွေရဲ့ မျက်နှာတွေမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကစဥ့်ကလျား ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ လုံခြုံရေးတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရောက်ရှိနေခဲ့ကြတာပါ။ လန်ဒန်မြို့တော် မီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးတဦးကတော့ “ကျမတို့ဆီကို မနက် ၈း၂၁ နာရီလောက်မှာ အရေးပေါ်ဖုန်းဝင်လာခဲ့တာပါ။ ပါဆန်စ်ဂရင်းဘူတာတွင်းမှာ မီးလောင်မှုဖြစ်နေတယ်ဆိုပြီး သတင်းရခဲ့တာမို့ မီးသတ်ကား ၂ စင်း လွှတ်ထားခဲ့ရပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ အခင်းဖြစ်တဲ့နေရာက ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေဟာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up