မြောင်မြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု မန္တလေးမြို့မှ သယ်ဆောင်လာ

May 1, 2018

မြောင်မြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု မန္တလေးမြို့မှ သယ်ဆောင်လာ

  စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ စိုက်ထူမယ့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကြေးသွန်းပြုလုပ်ရာမှာ ပြီးစီးပြီဖြစ်တဲ့အတွက် ရုပ်ထုကို မန္တလေးမြို့ကနေ မြောင်မြို့ဆီသို့ မေလ ၁ ရက်က မနက်က သယ်ဆောင်ခဲ့ကြပါတယ်။ ကြေးရုပ်ကို ၂၀၁၇ ဖေဖော်ဝါရီလတုန်းက မန္တလေးမြို့မှာရှိတဲ့ ကြေးသွန်းပညာရှင်တွေထံ အပ်နှံခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မတ်တပ်ရပ်ပုံစံနဲ့ အမြင့်ပေ ၈ ပေ၊ ကြေးပိဿာချိန် ၂၃၀ ပိဿာရှိတယ်လို့ သိရပါတယ်။ မြောင်မြို့ဒေသခံ ကိုသန်းနိုင်ထွန်းက “ကြေးရုပ်ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရံပုံငွေကတော့ ပြည်သူလူထုက ဝိုင်းဝန်းလှူဒါန်းကြပါတယ်။ ရုပ်တုက အခု မြောင်မြို့ကို ရောက်နေပါပြီ" လို့ ပြောပါတယ်။ ကြေးရုပ်သွင်းလုပ်ရာမှာ ကုန်ကျငွေကတော့ ကျပ်ငွေ ၂၇၅ သိန်းရှိတယ်လို့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီက ပြောပါတယ်။ ယခုသယ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို မြောင်မြို့နယ်၊ မြောက်ရပ်ကွက်ရှိ ထီးလှိုင်ရှင်ပန်းခြံနဲ့ မျက်နှာချင်းဆိုင်မှာ စိုက်ထူထားရှိသွားမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်မှာတော့ အခမ်းအနားနဲ့ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကြေးရုပ်သယ်ဆောင်ရာ လမ်းတလျှောက်မှာတော့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ မြို့ခံပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ သတင်း - ရန်နိုင်စိုး
4 years Ago
Up