ဒီကနေ့ မနက် ၂ နာရီဝန်းကျင်မှာ မြောင်းမြကြိုးတံတား ပြတ်ကျသွားပြီး ကုန်ကားတစီးနဲ့ အတူ လူနှစ်ယောက်မြစ်ထဲကို ကျသွားပါတယ်။
မြောင်းမြကြိုးတံတားကို ၁၉၉၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုနှစ်ပေါင်း ၂၀ ကျော်ကြာပြီဖြစ်ပါတယ်။
တံတားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်ကနေ ၁၂ ရက်အထိ လုပ်ခဲ့ပါသေးတယ်။
ဒီကြိုးတံတားဟာ မြောင်းမြမြို့နဲ့ လပွတ္တာမြို့တွေရဲ့ အဓိကကျတဲ့ ဆက်သွယ်ရေး တံတားဖြစ်တာကြောင့် အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီ ဖြစ်ပါတယ်။
မြောင်းမြကြိုးတံတားဟာ ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်လို့ ကြိုးတံတားနဲ့ကပ်လျက်မှာ တံတားသစ်တစင်းကို တည်ဆောက်နေပေမယ့် အသစ်တည်ဆောက်တဲ့ တံတားမပြီးခင်မှာပဲ ပြတ်ကျခဲ့တာပါ။
ကားနဲ့အတူပါသွားတဲ့ လူနှစ်ယောက်ကိုတော့ လက်ရှိအချိန်အထိ ရှာဖွေဆဲဖြစ်တယ်လို့ သိရပါတယ်။
တံတားပျက်ကျတဲ့ နေရာကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးလှမိုးအောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လာရောက်ကြည့်ရှုနေပြီး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေဖို့ စီစဉ်ညွှန်ကြားတာတွေလည်း လုပ်နေပါတယ်။
3 years Ago