မြောင်းမြ

June 7, 2019

မြောင်းမြခရိုင်တွင် သဘာဝဘေးကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေများပေးအပ်

၂၀၁၈ ခုနှစ် မိုးရာသီမှာ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့တဲ့ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှ သီးနှံစိုက်ဧက ၁၀၃၁၃ အတွက် ထောက်ပံ့ငွေကျပ် ၁၀၃၁ ဒသမ ၃ သိန်းပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် သီးနှံစိုက်ဧက ၁၄၅၆  ပျက်စီးခဲ့တဲ့ ဝါးခယ်မမြို့နယ်အတွက် ထောက်ပံ့ငွေကျပ် ၁၄၅ ဒသမ ၆ သိန်းကိုလည်း ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်များကိုယ်စား လက်ခံရယူခဲ့ကြပါတယ်။ အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြင့် ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်နိုင်၊ အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး၊ ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နဲ့ ခရိုင်/မြို့နယ်က စိုက်ပျိုးရေး အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago

December 27, 2018

မြောင်းမြသူနာပြုကျောင်းသစ် ၂ဝ၁၉ တွင် တည်ဆောက်ဖွင့်လှစ်မည်

မြောင်းမြသူနာပြု သင်တန်းကျောင်းအသစ်ကို ၂ဝ၁၉ ခုနှစ်အတွင်း အပြီးတည်ဆောက်ဖွင့် လှစ်သွားမှာဖြစ်ပြီး ပထမအသုတ်မှာ သင်တန်းသူ ၈ဝ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။ မြောင်းမြသူနာပြုသင်တန်းကျောင်းမှာ ဒေါ်ခင်ကြည်ခန်းမကိုလည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့ မြောင်းပြဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။ “ခန်းမကို ဒေါ်ခင်ကြည် အထိမ်းအမှတ်ခန်းမလို့ လုပ်ဖို့ ရှိတယ်ဗျ၊၂ဝ၁၉မှာ ပြီးသွားရင် ၂ဝ၁၉ နိုဝင်ဘာလထဲမှာ ကျနော်တို့ ပြီးမယ်ဆိုရင်ပေါ့နော်၊ နိုဝင်ဘာလထဲမှာ သင်တန်းစပြီး လက်ခံမယ်၊ သင်တန်းသူ အယောက် ၈ဝ၊ ပထမအဆင့်မှာ ၈ဝ ပေါ့၊ ဒုတိယနှစ်ကျတော့ နောက်ထပ် ၈ဝ ပေါင်း ၁၆ဝ၊ တတိယနှစ်မှာ နောက်ထပ် ၈ဝ၊ ၂၄ဝ ပေါ့၊ အဲ့ဒီလို လက်ခံဖို့ ကျနော်တို့ စီစဉ်ပါမယ်ဗျ။” လက်ရှိမှာ နိုင်ငံတော်က သင်တန်းကျောင်းဆောက်ဖို့အတွက် ကျပ်သိန်းပေါင်း သုံးသောင်းလေးထောင် ချထားပေးပြီး အောက်တိုဘာလမှာ ဘတ်ဂျက်ကျတာနဲ့ စတင်တည်ဆောက်မယ်လို့လည်း ပြောပါတယ်။ မြောင်းမြသူနာပြု သင်တန်းကျောင်းကို မြေ ၅ ဧကပေါ်မှာ ကျောင်း convocation Hall အပါအဝင် အဆောင် ၁၁ ဆောင်နဲ့တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြသူ ဒေါ်ခင်ကြည်ရဲ့ မွေးရပ်မြေမှာ ပေါ်ထွန်းလာမယ့် မြောင်းမြသူနာပြုသင်တန်းကျောင်းမှာ တိုင်းအတွင်းရှိ သင်တန်းသားတွေကို ဦးစားပေးခေါ်ယူ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံပေါင်း ၁၁ဝဝ ကျော်မှာ သူနာပြုပေါင်း ၁၅ဝဝဝ ကျော် လစ်လပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ပြောဆိုထားပါတယ်။
3 years Ago
More News
Up