မြောက်​ဦးမြို့

April 26, 2019

မြောက်​ဦးမြို့နယ်​ လက္ကာကျေးရွာကနေ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေသူ ၃ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားပြီး စစ်ဆေးနေစဉ်ကာလအတွင်း  ၃ ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်​ပြု​ပြောပါတယ်​။ "ထိန်းသိမ်းထားတဲ့ ၂၃ ဦးထဲမှာ ၃ ဦး​သေဆုံးသွားတာရှိပါတယ်​။ ပထမတ​ဦး နှလုံးရောဂါနဲ့ သေဆုံးတယ်​။ ဒုတိယတ​ဦး ကြိုးဆွဲချပြီး​သေဆုံး၊ တတိယ​တ​ဦးက​တော့ ​ဆေးစွဲပြီး စိတ်ဓာတ်ကျပြီး သေဆုံးတာရှိပါတယ်​။  ဒီ​သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်​​တွေပြည်​သူ့​ ဆေးရုံမှာ ရင်​ခွဲစစ်​​ဆေးပြီးတော့ သက်​ဆိုင်​ရာ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်” တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ ရွာသား ၃ ဦးကတော့ ကိုဇော်မျိုးထွန်း (၂၅) နှစ်၊ ဦးသိန်းထွန်းစိန် (၃၅) နှစ်နဲ့ ဦးမောင်သန်းနု (၄၁) နှစ်တို့ ဖြစ်ကြပါတယ်​။ ကျန်သူတွေကိုတော့  ထိမ်းသိမ်းထားပြီး  ဆက်​လက်​စစ်​​ဆေး​နေဆဲဖြစ်တယ်လို့လည်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။ “ကျနော်တို့ ပထမတခေါက်​က ၂၃ ဦးဖမ်းဆီးထားတဲ့ အထဲက ​သေဆုံးသွားတာဖြစ်​တယ်​။ ​နောက်​ ၄ ဦးက​တော့ တိမ်​ညိုစခန်းမှာ ဖမ်းဆီးထားတာရှိတယ်။ ဖမ်းဆီးမှုနဲ့ ပတ်​သက်ရင်တော့ လုပ်​ထုံးလုပ်​နည်းအရဆိုရင်  ရဲလက်​ထဲအပ်​ရမှာဖြစ်​တယ်​။ ကျနော်တို့ စစ်​​ဆေးလို့ စစ်​​ဆေး​ဖော်​ထုတ်​နိုင်​တာ​တွေရှိ​နေလို့လုပ်​ထုံးလုပ်​နည်းအရဆက်​လက်​စစ်​​ဆေး​နေတာဖြစ်​တယ်​။ စစ်​​ဆေး​ဖော်​ထုတ်​နိုင်သူ ဘယ်​​နှစ်​ဦးကို တရားစွဲဆိုမလဲဆိုတာ​တော့ မသိရ​သေးပါဘူး” ​သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး မိသားစုကို တရားဝင် အသိပေး အကြောင်း ကြားလာတာ မရှိသေးသလို ဖမ်းဆီးခံရသူတွေကိုလည်း  မိသားစုဝင်​​တွေနဲ့ တွေ့ဆုံခွင့်မပေးသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရခိုင်​ပြည်​နယ်​အစိုးရ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ချိန်းဆိုထားတယ်​လို့ ​မြောက်​ဦးပြည်​နယ်​ လွှတ်​​တော်​အမတ်​ ဦးထွန်းသာစိန်​က​ ဒီဗွီဘီ ကို ပြောပါတယ်။ "ဖမ်းဆီးသွားတဲ့သူ​ ၂၇ ဦးကို မိသားစုဝင်​​တွေ တ​ဦးမှ ​တွေ့ခွင့်မရ​သေးဘူး။ ​​သေဆုံးတာကိုလည်း ဘယ်​သူဆီကိုမှ တရားဝင်​အသိ​ပေးတာမရှိဘူး။ ဒီ​နေ့ နယ်​လုံကို ​မေး​တော့ ဟုတ်​မှန်​​ကြောင်းသူ​ပြောမှ သိရတာ။ မြောက်​ဦးမှ ​သေဆုံးသွားသူ၊ ​ပျောက်​ဆုံးသွားသူ၊ ​ဖမ်းဆီးသွားသူ မိသားစုဝင်​​တွေနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့တို့ ဧပြီ ၂၆ ရက် မနက်​ ၈ နာရီမှာ​ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်​။ ​တွေ့ဆုံပြီးမှ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က ဘာ​တွေ​ပြောမလဲဆိုတာသိရမယ်။ စစ်​​ကြော​ရေးလုပ်​တဲ့ အခါ ရက်​ ၉၀ ထိ​ကျော်​ပြီး​တော့ ဖမ်းဆီးလို့​တော့မရဘူး " လို့​ လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောပါတယ်​။ ဧပြီ ၁၀ ရက်​​က ​မြောက်​ဦးမြို့ ရဲတပ်​ရင်း ၃၁ ကို ၀င်ရောက်တိုက်ခိုက်ထွက်ပြေးသွားတဲ့ အေ​အေအဖွဲ့ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးမှာ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်တွေနဲ့  ၂ နာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အေအေတပ်ဖွဲ့ဝင် တချို့က လက္ကာရွာထဲကို ၀င်ပြေးသွားလို့  လိုက်လံရှင်းလ­င်းရာမှာရွာခံမဟုတ်တဲ့ မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တဲ့ အကြောင်းနဲ့ စစ်ဆေးခဲ့ရာမှာ အေအေက သာထွန်းစံခေါင်းဆောင်တဲ့အဖွဲ့က   လူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်​ပြန်​ထားခဲ့ပါတယ်​။ ရက္ခိုင့်တပ်မတော် (အေအေ)အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့  မြောက်ဦးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အေအေတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်​။ လက်ရှိဖမ်းဆီးခံထားရတဲ့ ရွာသား ၂၇ ဦး  ကတော့ လက္ကာရွာသား ၁၉ ဦးနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ၇ ဦးနဲ့ ပလက်ဝဒေသကနေ လာရောက်သူ ၁ဦး ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ်မှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၇ ဦး ဖမ်းဆီးခံခဲ့ရကာ ဧပြီလ ၁၁ ရက် ညနေပိုင်းမှာ အေအေက ပြန်လွှတ်ပေးခဲ့ပါတယ်​။
2 years Ago
Up