မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်

February 1, 2018

မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု မသင်္ကာသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေ

မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း လက်ရှိ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ ၄ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ ဦးကျော်မြင့်(ခ)ခိုင်ကျော် အပါအဝင် မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ကြည်ကြည်ဝင်း၊ မင်းသန်းဌေး(ခ)မင်းသန်းထိုက်နဲ့ မခိုင်ဇာလှိုင်တို့ကို ဖမ်းဆီးထားတယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း  ဦးဘိုဘိုမင်းသိုက်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူ စီးလာတဲ့ကားဟာလည်း မီးရှို့ခံလိုက်ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်(ခ) ခိုင်ကျော်ရဲ့ သားကြီး မင်းသန်းဌေး(ခ)မင်းသန်းထိုက် (၂၀-နှစ်) အပါအဝင် ၂ ဦးဟာ  မင်္ဂလာဒုံမြို့နယ် ကြူစန်းရွာသစ်မှာနေတဲ့ သားငယ် အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မင်းချစ်သူထံ လာရောက်မယ်လို့ သတင်းအရ မရမ်းကုန်းမြို့နယ် ၈ မိုင် မီးပွိုင့်မှာ မင်းသန်းဌေး(ခ) မင်းသန်းထိုက်ကို 9C/xxxx Hilux Surf ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ် (၃) နယ်မြေ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းမှာ ဦးကျော်မြင့်(ခ)ခိုင်ကျော် ရောက်ရှိနေတယ်လို့ သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာ ဦးကျော်မြင့်(ခ) ခိုင်ကျော်နဲ့ဇနီး ဒေါ်ကြည်ကြည်ဝင်း (၄၇-နှစ်)၊ ချွေးမ မခိုင်ဇာလှိုင် (၂၀-နှစ်) (မင်းသန်းဌေး(ခ) မင်းသန်းထိုက်၏ ဇနီး) တို့ကို  5M/xxxx Honda Insight ယာဉ် ၁ စီး၊ ငွေကျပ် ၇၅၀ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦးမြို့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဆေးမှုခံယူပြီးနောက်  တာဝန်ကျတဲ့ စစ်တွေမြို့သို့ CRV မော်တော်ယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားစဉ် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာပါ။ အဆိုပါ CRV မော်တော်ယာဉ်ဟာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်)ပိုင် လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နဲ့အတူ ဦးကျော်မြင့်ရဲ့ သားနဲ့ တခြား လူငယ်တဦးလည်း လိုက်ပါသွားတာဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်ရဲ့သား အပါအဝင် လူငယ်နှစ်ဦးမှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတချို့ရဲ့ ပြောပြချက်အရ မော်တော်ယာဉ်ပေါ်မှာ ဦးဘိုဘိုမင်းသိုက်ပါ လေးဦးပါရှိပြီး ဦးဘိုဘိုမင်းသိုက်ဟာ ကားမှောက် ပိမိ သေဆုံးခဲ့ကာ ကျန်သုံးဦးကတော့ ကားလမ်းအနောက်ဘက်ရှိ တောင်ပေါ်သို့ တက်ပြေးသွားကြောင်း၊ ခဏအကြာမှာ မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ဦး ရောက်ရှိလာပြီး မော်တော်ယာဉ်ကို မီးရှို့သွားခဲ့တာလို့ အစိုးရ ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထာားပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန Facebook
3 years Ago

January 31, 2018

မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ် ကားမီးရှို့ခံရ

ရခိုင်ပြည်နယ် မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ဟာ ပုဏ္ဏားကျွန်း မြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူ စီးလာတဲ့ကား မီးရှို့ခံလိုက်ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီမနက် ၈ နာရီက ဒီဗွီဘီကို ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘစုက “မီးရှို့ခံလိုက်ရတယ်။ ဘယ်သူ ရှို့တယ်ဆိုတာ မသိသေးဘူး။ အလောင်းကိုတော့ ပုဏ္ဏားကျွန်းဆေးရုံကို ပို့ထားလိုက်ပြီ၊ နောက်ပိုင်း ဘာတွေ လုပ်နေလဲ ဆိုတာတော့ မသိရသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အစစ်ဆေးခံရမယ် ဆိုပြီးတော့ စစ်တွေ ရောက်နေတယ်”လို့ ပြောပါတယ်။ ဦးဘိုဘိုမင်းသိုက်ရဲ့ကားဟာ ညနေ ၈ နာရီလောက်မှာ မီးရှို့ခံလိုက်ရတာဖြစ်ပြီး သူ စီးလာတဲ့ကားမှာ လူဘယ်နှယောက်လောက် ပါလာတယ်၊ ဘယ်သူတွေက မီးရှို့တယ်ဆိုတာ  အတိအကျ မသိဘူးလို့လည်း ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် မိုင်တိုင်အမှတ် ၁၆၉/၁၇၀ ကြားမှာ ဦးဘိုဘိုမင်းသိုက်ဟာ ရင်ဘတ်မှာ ထိုးချက်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ရဲမှူးက ပြောပါတယ်။ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို ဘယ်သူတွေက ဘာကြောင့် လုပ်ကြံ သတ်ဖြတ်သွားတာလဲ ဆိုတာလည်း မသိရသေးပါဘူး။ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အပြီးမှာ ဦးဘိုဘိုမင်းသိုက်ဟာ ​ရခိုင်ပြည်နယ်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ဖို့  ပြောင်းရွှေ့ခံထားရသူ ဖြစ်ပါတယ်။ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာပေဟောပြောပွဲ ကျင်းပခွင့်မရတာကို အကြောင်းပြုပြီး လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၉ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ရခိုင်ပြည်နယ်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်နေ့ အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။ သတင်း - ဝဏ္ဏခွာညို
3 years Ago
Up