မြောက်ဦးတွင် မြေမြှုပ်မိုင်းနင်းမိ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

March 7, 2019

မြောက်ဦးတွင် မြေမြှုပ်မိုင်းနင်းမိ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ မတ်လ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိရာကနေ ပေါက်ကွဲသွားတာကြောင့် ဒေသခံအမျိုးသားတဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။ မနေ့ နေ့လယ်ပိုင်းက အောက်သကန်ကျေးရွာနဲ့ ၂ မိုင်လောက်ဝေးကွာတဲ့ တောထဲကို ဒေသခံ အမျိုးသား ၃ ဦးတို့ ခွေထားတဲ့ ထင်းတွေကို သွားပြောင်းတဲ့အခါ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မိုင်းနင်းမိတဲ့ အသက် ၆၈ နှစ်အရွယ် ဦးထွန်းစိန်ဦးမှာ သေဆုံးသွားပြီး နောက်ထပ် အသက် ၅၇ နှစ်ရွယ် ဦးကျော်ထွန်းဦး ဆိုသူနဲ့ အသက် ၃၂ နှစ်အရွယ်ရှိသူတို့မှာ နောက်ကျော၊ လည်ပင်းနဲ့ ဒူးနှစ်ဖက်မှာ ပွန်းပဲ့ဒဏ်ရာတွေရရှိသွားတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ “သူတို့ရွာနဲ့ နှစ်မိုင်လောက်အကွာမှာရှိတဲ့ အရှေ့ဘက်က ကျွဲကူးငေါကို ထင်းသွား ပြောင်းတာ။ အဲတော့ ၃ ယောက် သွားကြတဲ့အခါ ရှေ့ကလူက မိုင်းကို ကျော်သွားတယ်။ အလယ်ကလူက မိုင်းကိုနင်းမိတယ်။ သူကတော့ အသက် ၆၇ နှစ်နှစ်ရှိပြီ။ သူကညာဘက်ဒူးခေါင်း အောက်ဘက်ပြတ်သွားတယ်။ နောက် ၂ ယောက်မှာ တယောက်က ကျောကုန်းမှာ ဒဏ်ရာ နည်းနည်းရတယ်။ နောက်တယောက်က ဘယ်လက်ဖျံ၊ ညာလက်ဖျံ၊ ဘယ်ဒူး၊ ညာဒူး၊ လည်ပင်ပွန်းပဲ့ဒဏ်ရာရတယ်။” ဒဏ်ရာရရှိသွားသူ ၂ ဦးကို မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ဆေးရုံကို ပို့ဆောင် ထားပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပြီး သေဆုံးသူကိုတော့ ဒီကနေ့ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားကြတဲ့အခါမှာ ဒေသခံတွေရဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံး ရှောင်ရှားတိုက်ခိုက်ကြဖို့နဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်အဖြေရှာကြဖို့ ဦးထွန်းသာစိန် က တိုက်တွန်းပါတယ်။ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဟာ လက်ရှိမှာ ၃ လကျော်အထိ ကြာမြင့်လာပြီဖြစ်ပြီး မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိလာပါတယ်။ တိုက်ပွဲတွေကြောင့် မြို့နယ် ၅ မြို့နယ်စစ်ဘေးရှောင်တွေဟာလည်း တနေ့ထက်တနေ့ တိုးပွားလာနေပြီး အခုလဆိုရင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀၀ အထိ ရှိလာနေပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို
2 years Ago
Up