မြောက်ဦးတွင် အရပ်သား ၇ ဦးသေဆုံး၊ ၁၂ဦးဒဏ်ရာရ၊  ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရဟု အစိုးရထုတ်ပြန်

January 17, 2018

မြောက်ဦးတွင် အရပ်သား ၇ ဦးသေဆုံး၊ ၁၂ဦးဒဏ်ရာရ၊  ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရဟု အစိုးရထုတ်ပြန်

  ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ ၇ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဒဏ်ရာရ သွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်းမှာ ရခိုင်ဘုရင့် နိုင်ငံတော်အချုပ် အခြာအာဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို တားမြစ်တဲ့ အပေါ် မကျေနပ်လို့ ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီလောက်က လူစုလူဝေး ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ မြောက်ဦးမြို့အတွင်း ကြွေးကြော်သံတွေနဲ့ လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းတွေနဲ့ အညီ အဆင့်ဆင့် တားမြစ်ခဲ့ပေမယ့် အခြေအနေပိုမိုဆိုးရွားလာလို့ သေနတ်နဲ့ သတိပေး ခြောက်လှန့်ပစ်ခတ်တာနဲ့ လူစုကွဲစေဖို့ပစ်ခတ်ခဲ့ရာမှာ  အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ သတင်း ထုတ်ပြန်ချက်မှာရေးပါတယ်။ ဒ့ါအပြင် လူစုလူဝေးကကျောက်ခဲတွေနဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်း ဆိုင်ကယ်တချို့၊ ဌာန ပိုင်မော်တော်ယာဉ်တချို့၊ ရုံးခန်းနဲ့ မှန်တံခါးတွေပျက်စီးသွားခဲ့တယ်လို့လည်းဆိုပါတယ်။ ခုလိုရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နှင်းခဲ့ပြီး အရပ်သားတွေသေဆုံးခဲ့ရမှုပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စစ်တွေမြို့ခံတချို့ကလည်း  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
3 years Ago
Up