မြောက်ရီးယားတီးဝိုင်း

February 9, 2018

မြောက်ရီးယားတီးဝိုင်း တောင်ကိုရီးယား အိုလံပစ်ပွဲတွင် ဖျော်ဖြေ

၁၆ နှစ်အတွင်း ပထမဆုံးအနေနဲ့ မြောက်ကိုရီးယား တီးဝိုင်းဟာ တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲတော် အကြိုညမှာ ဖျော်ဖြေခဲ့ပါတယ်။ မြောက်ကိုရီးယား အနုပညာရှင် အဖွဲ့ဝင် အယောက် ၁၄၀ ပါတဲ့ ဆမ်ဂျိယွန် တီးဝိုင်းက တောင်ကိုရီးယားနိုင်ငံ ဂန်းနွန်း အနုပညာဌာနမှာ ဖေဖော်ဝါရီ ၈ ရက်ညက ဖျော်ဖြေခဲ့တာပါ။ တောင်ကိုရီးယား အစိုးရက ၂၀၁၈ ဆောင်းရာသီ အိုလံပစ် ပွဲစဉ်တွေကို ဖြောင်းချမ်မြို့မှာ မကျင်းပမီ အကြိုညမှာ ဖျော်ဖြေတာလည်း ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ တောင်ကိုရီးယား ပြည်သူတွေကလည်း အနားကို စုရုံးရောက်လာပြီး ကိုရီးယား ညီညွတ်ရေး အလံတွေကို ဝှေ့ယမ်းရင်း အလားတူ သံစဉ်တွေ သီဆိုရင်း ဝမ်းသာနေခဲ့ကြတာပါ။ ဖျော်ဖြေသူတွေနဲ့ ပရိသတ်က အတူသီဆိုရင်း အံ့သြစရာ အချိန်ကို ပိုင်ခဲ့ကြတယ်၊ ပြည်သူတွေကြားက နက်ရှိုင်းတဲ့ သံယောဇဉ်ကို အပြည့်အဝ သရုပ်ပြလိုက်တာပဲလို့ ဂမ်ဝမ်ခရိုင် အုပ်ချုပ်ရေးမှူး ချွေးမွန်းဆွန်းက ပြောပါတယ်။ ဖျော်ဖြေပွဲ မတိုင်ခင် ၂ နာရီလောက်တည်းက တောင်ကိုရီးယားပြည်သူ အယောက် ၁ ထောင်နီးပါးဟာ ဖျော်ဖြေမယ့် ဌာနအပြင်ဘက်မှာ တန်းစီနေခဲ့တာပါ။ ကိုရီးယား စစ်ပွဲအတွင်း ကွဲကွာခဲ့ရတဲ့ မိသားစုဝင်တွေကို ဖျော်ဖြေပွဲတက်ဖို့ အစိုးရက ဖိတ်ကြားခဲ့ပြီး သာမန်ပြည်သူတွေအတွက် အွန်လိုင်းကနေ လက်မှတ်ဝယ်ဖို့ ထိုင်ခုံ ၅၆၀ ဖယ်ထားပေးခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲဟာ ၂ နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာဖို့ လမ်းဖောက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချွန်းဟေးဆန်းက ပြောပါတယ်။ ဆောင်းရာသီ အိုလံပစ်ရဲ့ ရေခဲပြင် အားကစားပွဲစဉ်အားလုံးကို ဂမ်ဝမ်ခရိုင် ဂန်းနွန်း ကမ်းရိုးတန်းမြို့မှာ ကျင်းပမှာပါ။ မြောက်ကိုရီးယား အစိုးရဟာ အိုလံပစ်ပွဲမှာ ဆင်နွှဲဖို့ ဂီတပညာရှင်တွေကိုသာမက အကပညာရှင်တွေ၊ အဆိုတော်တွေ၊ တိုက်ကွမ်ဒို ပညာရှင်တွေ၊ အဖွဲ့ဝင် အယောက် ၂၃၀ ပါတဲ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အားကစားသမား ၂၂ ယောက်ကို တောင်ကိုရီးယားနိုင်ငံဆီ စေလွှတ်ခဲ့ပါတယ်။
4 years Ago
Up